BBC navigation

မိတ္ထီလာမြို့မှာ အရေးပေါ်အခြေအနေထုတ်ပြန်

နောက်ဆုံး ရေးသားချိန် 20 မတ်လ 2013 - 23:14 GMT
_bbc_win_htein

မိတ္ထီလာမြို့နယ် လွှတ်တော်အမတ် ဦးဝင်းထိန်

မနေ့ မနက်က မိတ္ထီလာမြို့က ရွှေဆိုင်တဆိုင် မှာ ရွှေ အရောင်းအဝယ် လုပ်ရာ ကနေ နှစ်ဘက်ကြား အချင်း များပြီး မွတ်ဆလင် ဆိုင်ပိုင်ရှင်က ရွှေလာရောင်းသူကို ရိုက်နှက် ခဲ့လို့ မကျေနပ်တဲ့ လူအုပ်ကြီး က ဆိုင်တွေ ဖျက်စီး၊ ဗလီတွေ မီးရှို့နဲ့ ဆောင်ရွက်ခဲ့လို့ ညပိုင်းမှာပဲ ပုဒ်မ ၁၄၄ အရေးပေါ် အခြေအနေ ထုတ်ပြန်လို့ အခြေအနေကို သက်ဆိုင်ရာ က ထိန်းသိမ်း ခဲ့ရပါတယ်။

နောက်ဆုံး အခြေအနေကတော့ မိတ္ထီလာမြို့ ရဲစခန်း တာဝန်ကျတဦး အဆိုရ မနေ့ည သန်းခေါင်အထိကို လူအုပ်က ဗလီတွေ မီးရှို့တာ ရှိနေသေးတယ်။ သူတို့ကတော့ ခရိုင် ရဲတပ်ဖွဲ့ရုံး ကို နောက်ဆုံး အခြေအနေတွေ အဆက်မပြတ် သတင်းပို့လို့ ချိတ် ဆက် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေ မနေ့ည သန်းခေါင်ဝန်းကျင် မှာပဲ သတင်း ထုတ်ပြန် ထားတာကတော့ သေဆုံးသူနှစ်ဦးနဲ့ ဒဏ်ရာရသူ လေးဦးရှိတယ်လို့ သိရ ပါတယ်။ ည ၉ နာရီနောက်ပိုင်းမှာ မိတ္ထီလာမြို့ကို အရေးပေါ်အခြေအနေပုဒ်မ ၁၄၄ ထုတ်ပြန်အပြီးမှာ အကြမ်းဖက်မှု တွေ ဆိုးဆိုးရွားရွား မရှိခဲ့ပေမယ့်လို့ အခြေအနေဟာ သန်းခေါင်ကျော် အထိ လောက်တော့ လုံးဝ တည်ငြိမ်သွားတယ်လို့ ပြောမရ ခဲ့ပါဘူး။

ရန်ကုန်အခြေစိုက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ကလည်း မိတ္ထီလာအရေးနဲ့ပတ်သက်ပြီး အလွန်တရာ စိုးရိမ်ပူပန်လို့ အရေးပေါ် သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ခေါင်းဆောင်ဖြစ် တဲ့ ကိုမင်းကိုနိုင်က တာဝန်ရှိသူတွေ အနေနဲ့ စဖြစ်ကထဲက ပီပီပြင်ပြင် ကိုင်တွယ်ခဲ့ဖို့ လိုတယ်လို့ သတင်းစာဆရာတွေကို ပြောခဲ့ပါတယ်။

အစိုးရ တပ်အရာရှိဟောင်းတဦး လည်းဖြစ်တဲ့ မိတ္ထီလာအမတ် ဦးဝင်းထိန်ကတော့ အခြေအနေကို လက်တွေ့ကျကျ သုံးသပ်ပြီး ပြေလည် နိုင်ချေရှိတယ်လို့ ပြောပါတယ်။ ဦးဝင်းထိန်က ပြေလည်နိုင်ချေကို မျှော်မှန်းထားပေမယ့် ကိုမင်းကိုနိုင် ကတော့ စိတ်ပူပန်မှု ကြီးကြီးမားမား ရှိနေပါတယ်။ ဖြစ်ခဲ့ဖူးတဲ့ နောက်ခံ အကြောင်းတွေနဲ့ ဖြစ်နိုင်ချေရှိတဲ့ ပယောဂတွေကြောင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းအရဲ့ စိုးရိမ်မှုနဲ့ သူတို့အဖွဲ့ရဲ့ နိုင်တဲ့ဘက်က ဆောင်ရွက်မယ့် ကိစ္စတွေကို သတင်းစာဆရာတွေကို ပြောခဲ့ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။