BBC navigation

မိတ္ထီလာမှာ ဒီကနေ့ အနည်းဆုံး မူဆလင် ၁၀ ဦး သေ

နောက်ဆုံး ရေးသားချိန် 21 မတ်လ 2013 - 09:47 GMT
Win Htein

ရဲတပ်ဖွဲ့အင်အားကို အထိရောက်ဆုံး အသုံးချဖို့ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားတယ်လို့ ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

မူဆလင်ပိုင်တဲ့ ရွှေဆိုင်ကနေ စတင်လိုက်တဲ့ မိတ္ထီလာ ပဋိပက္ခမှာ အခု နောက်ဆုံး ဘီဘီစီက ရရှိတဲ့ သတင်းတွေအရ ဒီကနေ့မှာ အနည်းဆုံး ၁၀ ဦး သေဆုံးသွားပြီး သေသူ အားလုံးဟာ မူဆလင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

မနေ့ညက ဖေ့စ်ဘုတ်ကနေတဆင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ သံဃာတော်တပါးနဲ့ လူပုဂ္ဂိုလ်တဦး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူ လေးဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ အတတ်နိုင်ဆုံး ထိန်းသိမ်း ဆောင်ရွက်နေကြပေမယ့် ပဋိပက္ခ နှိမ်နင်းရေး အတွေ့အကြုံလည်း မရှိ၊ ဒီလိုကိစ္စကို နှိမ်နင်းဖို့ လေ့ကျင့်ထားတာလည်း မဟုတ်တဲ့အတွက် ထိရောက်အောင် မတားဆီးနိုင်ဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ရဲတပ်ဖွဲ့အင်အားကို အထိရောက်ဆုံး အသုံးချဖို့အတွက် ညွှန်ကြားချက် ပေးထားတယ်လို့ မိတ္ထီလာအမတ် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်လည်း မိတ္ထီလာအရေး ကိုင်တွယ် ဆောင်ရွက်ဖို့ ရောက်နေပြီး၊ မနေ့က ဖြစ်ခဲ့တဲ့ ကိစ္စအတွက် စုံစမ်းဖော်ထုတ်ဖို့ စုံစမ်းရေးအဖွဲ့ကို ဝန်ကြီးချုပ်က ဖွဲ့စည်း လိုက်ပါတယ်။

မိတ္ထီလာပဋိပက္ခကို ပြေလည်ငြိမ်းချမ်းသွားအောင် သံဃာတော်တွေက ထိန်းသိမ်း ဆောင်ရွက်နေကြပေမယ့် သံဃာတချို့ကတော့ ပိုဆိုးလာအောင် လှုံ့ဆော်နေတာလည်း ရှိတယ်လို့ ဘီဘီစီက စုံစမ်း သိရပါတယ်။

ပြည့်စုံတဲ့ မူဆလင်တွေကတော့ စောစောပိုင်းကပဲ မြို့က ခွာရှောင်သွားပေမယ့် ဆင်းရဲတဲ့ မူဆလင် မိသားစုတချို့တော့ မြို့မှာ ရှိနေဆဲ ဖြစ်ပါတယ်။

မိတ္ထီလာမြို့မှာ မြို့နေ လူဦးရေစုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းဟာ မူဆလင်တွေဖြစ်ပြီး၊ အရင်က အခုလို အဖြစ်မျိုး မရှိခဲ့ပါဘူး။

အခုမိတ္ထီလာပဋိပက္ခဟာ နိုင်ငံရေးနောက်ခံ ပယောဂ မပါဘဲ၊ ဘာသာရေးနွယ်တဲ့ ပြဿနာသာ ဖြစ်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

မနေ့ညကစလို့ မိတ္ထီလာမြို့မှာ အရေးပေါ် အခြေအနေ ပုဒ်မ ၁၄၄ ကို သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။