BBC navigation

မြန်မာ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကုလ စစ်ဆေးမယ်

နောက်ဆုံး ရေးသားချိန် 22 မတ်လ 2013 - 01:32 GMT

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်နေမှု တွေကို အပြည့်အဝ စုံစမ်းဖို့ ကုလသမဂ္ဂက ဆုံးဖြတ်

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေ ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ပွင့်လင်း မြင်သာပြီး လွတ်လပ်မှု အပြည့်အဝရှိတဲ့ စုံစမ်းစစ်ဆေးမှုတခု စတင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက တညီတညွတ် တည်း ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

ကုလသမဂ္ဂ လု့အခွင့်အရေး ကောင်စီရဲ့ အဲဒီ ဆုံးဖြတ်ချက်မှာ မြန်မာနိင်ငံမှာ လူမျိုး ဘာသာ အချင်းချင်း ပြင်းပြင်းထန်ထန် ပဋိပက္ခ ဖြစ်ပွားမှုတွေဟာ အလွန် ဝမ်းနည်းဖွယ်ရာကောင်းကြောင်း၊ ဒီလို ကိစ္စရပ်တွေကို အဆုံးသတ်နိုင်အောင် ဆောင်ရွက်ဖို့လိုကြောင်းနဲ့ ဖမ်းဆီး ထိန်းသိမ်းမှုတွေ၊ အကျဉ်းထောင် အခြေအနေတွေ၊ နှိပ်စက်ညှင်းပန်းမှုတွေနဲ့ ပတ်သက်ပြီး သင့်တော်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ လိုအပ်ကြောင်းလည်း ပါဝင်ပါတယ်။

ဒီဆုံးဖြတ်ချက် မူကြမ်းကို ဥရောပ သမဂ္ဂက ရေးသားခဲ့တာ ဖြစ်ပြီး လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံ အားလုံးက အပြည့်အဝထောက်ခံ အတည်ပြုခဲ့ပါတယ်။

ဂျနီဗာမှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမောင်ဝေကတော့ ဒီဆုံးဖြတ်ချက်မှာပါတဲ့ အချက်တွေဟာ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ငြင်းဆိုခဲ့ပြီး သုံးနှုန်းထားတဲ့ စကားလုံးတွေဟာလည်း အထင်လွဲစရာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ HRW ရဲ့ ဂျနီဗာ ဒါရိုက်တာ Julie de Rivero ကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြုပြင် ပြောင်းလဲမှု တချို့ လုပ်တာတွေ၊ နယ်ပယ်တချို့မှာ တိုးတက်မှု ရှိတာတွေကို လူ့အခွင့်အရေး ကောင်စီ က အသိအမှတ်ပြုကြောင်း၊ ဒါပေမဲ့ ကချင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု ရှိတာတွေ၊ ရိုဟင်ဂျာတွေအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ ဒါ့အပြင် လွတ်လပ်စွာ ပြောဆို ရေးသားခွင့်၊ လွတ်လပ်စွာ အသင်းအဖွဲ့ စည်းရုံးဖွဲ့စည်းခွင့်၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး စတဲ့အချက်တွေအပေါ် လက်တွေ့ ဆောင်ရွက်မှုတွေနဲ့ ဥပဒေ ပြုမှုတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ကောင်စီက စိုးရိမ် ပူပန်မှုတွေ ရှိနေ တယ်လို့ ဘီဘီစီကို ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။