BBC navigation

ပအို့ဝ် အမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ်နဲ့ အစိုးရ ငြိမ်းအဖွဲ့ လက်မှတ်ထိုး

နောက်ဆုံး ရေးသားချိန် 23 မတ်လ 2013 - 22:00 GMT

ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် အစိုးရနဲ့ ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီ

မြန်မာအစိုးရရဲ့ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ ပအို့ဝ် အမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် PNLO တို့ဟာ မနေ့တုန်းက ရန်ကုန်မြို့က ငြိမ်းချမ်းရေးစင်တာမှာ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ ကြပါတယ်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို၊ အစိုးရဖက်က သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ပြည်ထောင်စု၀န်ကြီးတွေဖြစ်တဲ့ ဦးခင်မောင်စိုး ၊ ဦး၀င်းထွန်း၊ ဦးအုန်းမြင့်နဲ့ ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစပ်အောင်မြတ်တို့က ရေးထိုးကြပြီးတော့ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ဖက်ကတော့ အဖွဲ့ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ အထွေထွေ အတွင်းရေးမှူး ခွန်မြင့်ထွန်းနဲ့ တွဲဖက်အ တွင်းရေးမှူး ဗိုလ်မှူးကြီးခွန်သူရိန်တို့က ဦးဆောင် ရေးထိုးခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး အတွက် ဒီလို ပြည်ထောင်စု အဆင့် သဘောတူညီချက် ရခဲ့တဲ့အပေါ် PNLO အထွေထွေ အတွင်းရေးမှူး ခွန်မြင့်ထွန်း က ဘီဘီစီကို ပြောကြားရာမှာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့၊ ၀န်ကြီး ဦးအောင်မင်းတို့ ဦးဆောင်တဲ့ ဒီခေတ် ဒီအချိန်အခါမှာ ကျွန်တော်တို့ PNLO က အဖွဲ့၀င်အဖြစ် ပါ၀င်တဲ့ UNFC တိုင်းရင်းသား တပ်ပေါင်းစုနဲ့ ပွင့်ပွင့် လင်းလင်း ဆွေးနွေးကြတယ် ဆိုတာ အလွန်ကောင်းတဲ့ သမိုင်း စာမျက်နှာအသစ် တခုကို ဖွင့်လိုက်တာပဲလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်လို့ ဆိုပါတယ်။

ထို့နည်းတူ ကျွန်တော်တို့နဲ့ ဆွေးနွေးကြတဲ့အခါမှာလည်း ဒီနေ့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းနဲ့ ကျွန်တော်တို့ ဖက်ကလည်း ဆွေးနွေးနိုင်ခဲ့ကြပါတဲ့ အပေါ်မှာ ကြေနပ်အားရပါတယ်လို့ ခွန်မြင့်ထွန်း ပြောပါတယ်။

ပြည်ထောင်စု အဆင့် သဘောတူညီချက် ၉ ချက်က PNLO နဲ့ရှမ်းပြည်နယ် အစိုးရ ပြီးခဲ့တဲ့နှစ်က ပြုလုပ်ထားတဲ့ အပစ်ခတ် ရပ်စဲရေး အခုထိ ခိုင်မာနေတုန်း ဆိုတာရယ် ၊ PNLO လှုပ်ရှားနယ်မြေလို့ သတ် မှတ်ပေးထားတဲ့ နေရာကို တခြားအပစ်ရပ် အဖွဲ့တွေ ၀င်လာခဲ့ရင် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းအဖွဲ့က ကူညီ ဖြေရှင်းပေးဖို့ code of conduct နှစ်ဖက်တပ်တွေ လိုက်နာရမယ့် ကျင့်၀တ်တွေကို ဆက် ဆွေးနွေဖို့၊ ဆက်ဆံရေး ရုံးတွေ ရှမ်းပြည်ထဲမှာ ၂ နေရာထပ်ဖွင့်ဖို့နဲ့ သထုံမှာ စီးပွားရေးရုံးဖွင့်ဖို့၊ PNLO အဖွဲ့၀င်တွေ စစ်သားတွေနဲ့ သူတို့ထိန်းချုပ်နယ်မြေက လူထုတွေကို နိုင်ငံသား မှတ်ပုံတင်တွေ ထုတ်ပေးဖို့၊ အပါအ၀င်၊ ဒေသတွင်းဖွံဖြိုးရေး၊ ပညာ၊ ကျန်းမာရေးနဲ့ ဒေသတွင်း စီးပွားရေးကိစ္စတွေ ပါ၀င်ပါတယ်။

အခုလို ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရပေမဲ့လည်း၊ ရှေ့ဆက် ဆောင်ရွက်စရာတွေ ကျန်နေသေးလို့ PNLO က သူတို့ရဲ့ လက်နက်ကိုင် လမ်းစဉ်ကိုတော့၊ လောလောဆယ် စွန့်လွှတ် ဦးမှာ မဟုတ်သေးဘူးလို့ ခွန်မြင့်ထွန်းက ပြောသွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။