BBC navigation

ရှမ်းကယားညီလာခံ နိုင်ငံရေး ဘုံသဘောတူညီမှု ချ

နောက်ဆုံး ရေးသားချိန် 23 မတ်လ 2013 - 16:34 GMT
Shan Kayah

ဖွင့်ပွဲနေ့က တက်ရောက်လာသူများ

ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့မှာ ၃ ရက်ကြာကျင်းပတဲ့ ရှမ်း-ကယားပြည်နယ် 'ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း' ညီလာခံ သောကြာနေ့က ပြီးဆုံးသွားပြီး ညီလာခံကနေ အချက် ၄ ချက်ပါ နိုင်ငံရေး ဘုံဘောတူညီချက်တွေကို ထုတ်ပြန် ကြေငြာ လိုက်ပါတယ်။

ညီလာခံကို တက်ရောက်တဲ့ အဖွဲ့အစည်းတွေရဲ့ တူညီတဲ့ ပထမဆုံး ရည်မှန်းချက် တခုကတော့ တန်းတူရည်တူရှိတဲ့၊ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတဲ့ ပြည်ထောင်စု စစ်စစ် ဒါမှမဟုတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်။

နောက်တချက်နေနဲ့ကတော့ အစိုးရစစ်တပ်ကနေ တိုင်းရင်းသားဒေသမှာ စစ်အင်အား တိုးချဲ့မှု ၊ တိုက်ခိုက်မှုများ ဆက်လက် လုပ်နေခြင်းဟာ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်ကို ပျက်ပြားစေမယ် ၊ ဒါကြောင့် နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်း စေလိုတယ်၊ နိုင်ငံရေး နည်းအတိုင်း ဖြေရှင်းဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ ဒါမှမဟုတ် လုံး၀ကို အသစ်ပြန်လည်ရေးဆွဲဖို့ နဲ့ ပင်လုံ စိတ်ဓာတ်ကို အခြေခံတဲ့ ညီလာခံ ကြီးတရပ် ကျင်းသွားရမှာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

နောက်ဆုံး တချက်အနေနဲ့ကတော့ အခုလက်ရှိတဲ့ ဖြစ်ပွားနေတဲ့ မိတ္ထီလာ အဓိကရုဏ်း အပေါ်မူတည်ပြီး တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေနိုင်တဲ့၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်တဲ့ လူမျိုးရေး ပဋိပက္ခနဲ့ ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်အောင် လှုံ့ဆော် စည်းရုံး ဆောင်ရွက်ကြသူ မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ကိုမဆို ဒီဆွေးနွေး ပွဲကနေ ရှုတ်ချတယ်လို့ ကြေငြာပါတယ်။

ဒီအစည်းအဝေးကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)က ပူးတွဲ ကျင်းပတာ ဖြစ်ပြီး ဒီအစည်းအဝေးကို အစိုးရ ဝန်ကြီးတွေ နဲ့ ပြည်တွင်း အဖွဲ့အစည်းတွေအပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ကိုယ်စားလှယ် စုစုပေါင်း ၂၀၀ နီးပါး တက်ရောက်ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။