BBC navigation

ကုလ ကိုယ်စားလှယ် မိတ္ထီလာ သွားရောက်

နောက်ဆုံး ရေးသားချိန် 24 မတ်လ 2013 - 11:57 GMT

အဓိကရုဏ်းကြောင့် သေဆုံးသူ အနည်းဆုံး ၃၂ ဦး ရှိခဲ့

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယားနဲ့ အဖွဲ့ဟာ မိတ္ထီလာ မြို့က အဓိကရုဏ်း ကြောင့် ဒုက္ခ ရောက်ခဲ့ ရသူတွေဆီ သွားရောက် ကြည့်ရှုပြီး အားပေး စကား ပြောကြားခဲ့ ပါတယ်။

မစ္စတာ နမ်ဘီးယားနဲ့ အတူ မြန်မာအစိုးရအဖွဲ့ရဲ့ ပြည်ထောင်စု ဝန်ကြီးတွေ၊ ဗုဒ္ဓဘာသာ၊ မွတ်ဆလင်ဘာသာ၊ ခရစ်ယာန်ဘာသာ ခေါင်းဆောင်တွေ အတူလိုက်ပါခဲ့ကြပါတယ်။

မိတ္ထီလာမြို့မှာ မီးရှို့ ဖျက်ဆီး ခံခဲ့ရတဲ့ နေရာ တွေကို လိုက်လံ ကြည့်ရှု ပြီးနောက် မစ္စတာ နမ်ဘီးယားက ဒီအကြမ်းဖက် တိုက်ခိုက်မှု ပြုလုပ်ခဲ့ သူတွေကို ဖမ်ဆီးဖို့ တောင်းဆို လိုက်ပါတယ်။

မိတ္ထီလာ မြို့မှာ သုံးရက်ကြာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းကြောင့် သေဆုံးသူ အနည်းဆုံး ၃၂ ဦး ရှိခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၊ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲသုံးသပ်ပြီး အချက် ၆ ချက် တင်ပြထားတယ်လို့လည်း မစ္စတာ နမ်ဘီးယားရဲ့ အဖွဲ့နဲ့ အတူလိုက်ပါခဲ့သူ အစ္စလာမ် သာသာနာရေးကောင်စီ ဌာနချုပ်ရဲ့ တွဲဘက် အတွင်းရေးမှူး ဦးဝဏ္ဏရွှေက ပြောပါတယ်။

သူတို့သုံးသပ်တင်ပြထားတဲ့ အချက်တွေကတော့ တရားဥပဒေစိုးမိုးရေး၊ နောက်နောင် အလားတူ အဖြစ်အပျက်မျိုး မပေါ်ပေါက်အောင် တားဆီးရေး၊ ဒုက္ခသည်တွေ အမိုးအကာအောက် ရောက်ရှိအောင် ဆောင်ရွက်ပေးရေး၊ အခြေအနေ တည်ငြိမ်အေးချမ်းပြီး ဒုက္ခသည်တွေ အိမ်ပြန်လာနိုင်ရေး၊ ဒုက္ခသည်တွေကို ပြည်တွင်းပြည်ပ လူမှုရေးအဖွဲ့အစည်းတွေက အကူအညီပေးရေး၊ လူ့အဖွဲ့အစည်းအချင်းချင်း နားလည်မှု တိုးတက်လာအောင် ဆောင်ရွက်ရေးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

မွတ်ဆလင် အများစု ဖြစ်တဲ့ ဒုက္ခသည် တွေဟာ ဘောလုံးကွင်း၊ ရဲစခန်းနဲ့ ဘုန်းကြီးကျောင်း တွေမှာ ယာယီ ခိုလှုံ နေကြရပြီး၊ သောကြာနေ့က အရေးပေါ် အခြေ အနေ ကြေညာ ပြီးနောက် စစ်သားတွေ ဟာလည်း မြို့မှာ လှည့်လည် စောင့်ကြပ်နေ ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။