BBC navigation

မိတ္ထီလာ အကြမ်းဖက်မှု သံသယရှိသူတွေ ဖမ်းဆီးစစ်ဆေးနေ

နောက်ဆုံး ရေးသားချိန် 25 မတ်လ 2013 - 01:30 GMT

ဘာသာရေးနွယ်တဲ့ အကြမ်းဖက် တိုက်ခိုက် မှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ရသူတွေ

အကြမ်းဖက် မီးရှို့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့မှာ မတ်လ ၂၂ ရက်နေ့က အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးနောက်ပိုင်း လက်ရှိမှာ တည်ငြိမ်စပြုလာနေပြီလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း အကြမ်းဖက်မှုတွေမှာ ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ပြောပါတယ်။

မိတ္ထီလာမြို့ နောက်ဆုံးအခြေအနေ နဲ့ သေဆုံးမှုတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒုတိယရဲမှူးကြီး ဦးမင်းအောင်ကို ညဦးပိုင်းက ဆက်သွယ်မေးကြည့်ရာမှာ နောက်ဆုံးစာရင်းအရ သေဆုံးသူ ၃၆ ဦးရှိပြီး၊ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ် ၁၃၃ လုံးအနက်၊ ၁၀၃ အိမ်ဟာ မွတ်ဆလင်တွေရဲ့ အိမ်တွေဖြစ်တယ်လို့ ပြောပါတယ်။

ဗလီ ၁၀ လုံး၊ ဘာသာရေးစာသင်ကျောင်း ၂ကျောင်း၊ ရုံး ၁ ရုံး၊ဆိုင်ခန်း ၁၂ခန်းဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ သံသယရှိသူ မိတ္ထီလာမြို့က လူ ၁၃ ဦး၊ လယ်ဝေးက ၆ဦး ရမည်သင်းက ၁၇ ဦးတို့ကို ဖမ်းဆီးစစ်ဆေးနေပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို ဆက်လက် ဖေါ်ထုတ်လျှက်ရှိပြီး ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဒုတိယရဲမှူးကြီး ဦးမင်းအောင်က ပြောကြားသွားခဲ့ပါတယ်။

ဦးသိန်းစိန် ၊ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ မူ ၆ ချက်

အသိုင်းအဝိုင်းနှစ်ခုကြား အရင်လို နွေးထွေးတဲ့ ဆက်ဆံရေးပြန်ရဖို့ အချိန်တခုလို

မိတ္ထီလာ အရေးအခင်းနဲ့ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၊ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲသုံးသပ်ပြီး မူ ၆ ချက် ချမှတ်ခဲ့ကြပါတယ်။

အဲဒီ အချက်တွေကတော့ တရားဥပဒေစိုးမိုးရေး၊ နောက်နောင် အလားတူ အဖြစ်အပျက်မျိုး မပေါ်ပေါက်အောင် တားဆီးရေး၊ ဒုက္ခသည်တွေ အမိုးအကာအောက် ရောက်ရှိအောင် ဆောင်ရွက်ပေးရေး၊ အခြေအနေ တည်ငြိမ်အေးချမ်းပြီး ဒုက္ခသည်တွေ အိမ်ပြန်လာနိုင်ရေး၊ ဒုက္ခသည်တွေကို ပြည်တွင်းပြည်ပ လူမှုရေးအဖွဲ့အစည်းတွေက အကူအညီပေးရေး၊ လူ့အဖွဲ့အစည်းအချင်းချင်း နားလည်မှု တိုးတက်လာအောင် ဆောင်ရွက်ရေးတို့ ဖြစ်ပါတယ်။

ဒုက္ခသည်တွေနဲ့ပတ်သက်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အတူတွဲပြီးဆောင်ရွက်မယ်လို့ ဆိုပါတယ်။

မွတ်ဆလင်အသိုင်းအဝိုင်းနဲ့ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းကြား အရင်လို နွေးထွေးတဲ့ ဆက်ဆံရေးမျိုးပြန်ရဖို့ အချိန်တခုတော့ ယူရလိမ့်မယ်လို့ ပဋိပက္ခဆိုင်ရာကျွမ်းကျင်သူ မြန်မာငြိမ်းချမ်းရေးစင်တာက အပစ်အခတ်ရပ်စဲရေးပိုင်းဆိုင်ရာ ညွှန်ကြားရေးမှူးဦးမင်းဇော်ဦးက ပြောပါတယ်။

အပြောင်းအလဲ ဖြစ်ကာစ နိုင်ငံမျိုးတွေမှာ ဒီလို ဖြစ်ရပ်မျိုးတွေ ဖြစ်လေ့ရှိလို့ အခုဖြစ်ရပ်ကို သင်္ခန်းစာယူပြီး နောင် မဖြစ်အောင် ကာကွယ်ဖို့ အခုကတည်းက ပြင်ဆင်ဖို့ လိုတယ်လို့ ပြောပါတယ်။

အသိုင်းအဝိုင်း တခုနဲ့တခုကြား နားလည်မှုရှိလာအောင် ဘာသာရေးခေါင်းဆောင်ပိုင်းပုဂ္ဂိုလ်တွေ အချင်းချင်း အပြန်အလှန်တွေ့ဆုံဆွေးနွေးပြီး မကြာခဏ အမြင်ချင်းဖလှယ်ကြရင် အောက်ခြေပိုင်းမှာလည်း အများကြီးပြေလည်သွားနိုင်တယ်လို့ ဦးမင်းဇော်ဦးက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။