BBC navigation

နေရာ တချို့မှာ ပဋိပက္ခ ထပ်ဖြစ်

နောက်ဆုံး ရေးသားချိန် 25 မတ်လ 2013 - 16:28 GMT
Security in Meikhtila

မိတ္ထီလာမှာ လုံခြုံရေး တပ်တွေ ချထားတဲ့ အတွက် တည်ငြိမ် နေတယ် လို့ဆို

နေပြည်တော် တပ်ကုန်း မြို့နယ်၊ ပဲခူးတိုင်း အုတ်ဖို မြို့နယ် အတွင်းက အိုးသည်ကုန်း မြို့နဲ့ မင်းလှ မြို့နယ် လက်ပံ ရေကျော် ကျေးရွာတို့မှာ အဆောက် အဦးတွေကို လူစုနဲ့ ဖျက်ဆီး ခဲ့တာရှိတယ်လို့ ဒေသခံ တွေနဲ့ သက်ဆိုင်ရာ ရဲအရာရှိ တစ်ယောက်က ပြော ပါတယ်။

အုတ်ဖို မြို့နယ် အိုးသည်ကုန်း မြို့မှာ ဗလီ တလုံးနဲ့ အိမ်တချို့ မတ်လ ၂၄ ရက်နေ့ ညက တိုက်ခိုက် ဖျက်ဆီး ခံခဲ့ ရတယ်လို့ ဒေသခံ တစ်ယောက်က ဘီဘီစီကို ပြော ပါတယ်။

အိုးသည်ကုန်းက ဗလီ တလုံးကို အတွင်းက မှန်တွေ ခွဲဖျက် သွားခဲ့ကြတဲ့ အပြင် မွတ်ဆလင်တွေ ပိုင်ဆိုင်တဲ့ အိမ်နဲ့ စျေးဆိုင် ၂၀ ကျော် ကိုလည်း ဖျက်ဆီး သွားတယ် လို့ သူက ပြောပါတယ်။

မွတ်ဆလင် ဗလီကို တိုးချဲ့ ဆောက်လုပ်ဖို့ ကြိုးစား ကြတာကို ဒေသခံ တချို့က မကျေနပ် တာကြောင့် ဖျက်ဆီး ကြတာလို့ ဒေသခံ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

အိုးသည်ကုန်းမှာ တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ တချိန်တည်း လိုလို မှာပဲ ပဲခူးတိုင်း မင်းလှမြို့နယ် ထဲက လက်ပံ ရေကျော် ကျေးရွာမှာ လည်း ဗလီ တစ်လုံးနဲ့ နေအိမ် တချို့ ဖျက်ဆီး ခံခဲ့ ရတယ်လို့ ဒေသခံ တွေနဲ့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် တွေက ပြောပါတယ်။

အဲဒီ ကိစ္စ တွေနဲ့ ပတ်သက်လို့ ထောက်လှမ်းရေး ဌာနက ဒုတိယ ရဲမှူးကြီး မင်းအောင်က ဘီဘီစီကို အတည်ပြု ပြောရာမှာ လက်ပံ ရေကျော် ရွာက ရွာသား လို့ ယူဆ ရသူ ၁၀၀ လောက်က မတ်လ ၂၄ ရက်နေ့ ည ၇ နာရီခွဲလောက်မှာ လူစုပြီး ဗလီ တစ်လုံးနဲ့ မွတ်ဆလင် နေအိမ် ခြောက်လုံးကို ဖျက်ဆီး ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ည ၈ နာရီ လောက်မှာ အဲဒီ လူစုက လက်ပံ ရေကျော် ရွာနဲ့ ကပ်နေတဲ့ အိုးသည်ကုန်း မြို့ ဘက်ကို ဆက်သွား ကြပြီး ဖျက်ဆီးမှုတွေ ဆက်လက် လုပ်ဆောင်တာ လို့လည်း ရဲမှူးကြီးက ပြောပါတယ်။

နေပြည်တော် တပ်ကုန်း ဘက်မှာလည်း ဗလီ တချို့ကို အလားတူ ဝင်ရောက် ဖျက်ဆီး တာတွေ ရှိခဲ့တယ်လို့ သူက ဆက်ပြော ပါတယ်။

ဖျက်ဆီး တာတွေ ရှိခဲ့ ပေမဲ့ မီးရှို့ တာတော့ မရှိဘူးလို့ ဆိုပါတယ်။

မိတ္ထီလာ မြို့မှာ ပဋိ ပက္ခတွေ ဖြစ်ခဲ့ ပြီးတဲ့နောက် ဆက်လက် ဖြစ်ပေါ်လာတဲ့ ပြဿနာ တွေ ဟာ သွေးထိုး လှုံဆော်လို့ ဖြစ်လာ ရတဲ့ ပုံသဏ္ဍန် ပေါက်နေပြီး နောက်ကွယ်မှာ ကြိုးကိုင် နေကြသူတွေ ရှိတယ် ဆိုတာ ပြော နိုင်ကြောင်း ဒုတိယ ရဲမှူးကြီး မင်းအောင်က ပြောပါတယ်။

မတ်လ ၂၄ ရက်နေ့က ဖြစ်ပွားမှု တွေနဲ့ ပတ်သက်လို့ လူ ၆ ယောက်ကို ဖမ်းဆီးထားကြောင်းနဲ့ အဲဒီလူတွေဟာ သက်ဆိုင်ရာ ဒေသခံတွေ ဖြစ်ကြတယ်လို့ လည်း ဦးမင်းအောင်က ပြောပါတယ်။

မိတ္ထီလာနဲ့ သာစည် ဘက်မှာ လူ ၄၁ ယောက်ကို ဖမ်းဆီး ထားကြောင်း သူက ပြောပါတယ်။

လောလောဆယ်မှာ လုံခြုံရေးတွေ ချထားတဲ့ အတွက် အခြေ အနေတွေ တည်ငြိမ် နေတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။