BBC navigation

မိတ္ထီလာ ဒုက္ခသည်တွေကို ကူဖို့ ကုလသမဂ္ဂ သွား

နောက်ဆုံး ရေးသားချိန် 25 မတ်လ 2013 - 23:43 GMT
_bbc_meiktila

မိတ္ထီလာ မီးလောင်ပြင်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယား ဟာ မိတ္ထီလာ မြို့ကို သွားရောက် ခဲ့ပြီး အဓိကရုဏ်း အတွင်း ထိခိုက် နစ်နာ ခဲ့ရသူ တွေ ကို တွေ့ဆုံ အားပေးစကား ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် က မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေ ကိုယ်စားလှယ် အရှုပ်ခ် နီဂမ် လည်း မိတ္ထီလာက ပြန်ရောက် လာလို့ အဲဒီမှာ အစိုးရ ဘက် က ပြောပြချက်အရ မွတ်စလင် ဒုက္ခသည် ၉၆၀၀ က ကယ်ဆယ်ရေး စခန်း ၅ ခုမှာ ရှိနေပြီး ဗုဒ္ဓဘာသာဝင် ပေါင်း ၂၈၀၀ ဟာ ဘုန်းတော်ကြီးကျောင်း ၁၅ ကျောင်းမှာတည်းခို နေကြောင်း ဘီဘီစီ ကို ပြောပါတယ်။

လတ်တလောမှာ အစိုးရက လိုအပ်နေတဲ့ စားနပ်ရိက္ခာ နဲ့ သောက်သုံးရေ တွေကို ပံ့ပိုး ပေးနေပြီး၊ ဒါပေမယ့်လည်း ရေနဲ့ မိလ္လာ ပိုင်းတွေ မှာ တော့ စိန်ခေါ်မှုတွေ ရှိနေကြောင်း ကုလသမဂ္ဂ ဘက် ကလည်း အရေးပေါ် လိုအပ် နေတာတွေကို သုံးသပ်ပြီး အကူအညီတွေ ပေးသွားဖို့ ရှိကြောင်း ရှင်းပြပါတယ်။

အကူအညီ တွေ လိုအပ်နေရာ မှာ လူဘယ်နှစ်ယောက် အိမ်ပြန်နိုင်ကြမလဲ၊ ဘယ်တော့လောက် မှ ပြန်နိုင်မလဲ ဆိုတာ ကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်း၊ တချို့က အိမ်တွေ ဖျက်ဆီး ခံခဲ့ရတော့ အပျက်အဆီး တွေကို ရှင်းလင်းဖို့ တွေလဲ ရှိနေသေးတော့ စခန်း တွေမှာ ဆက်နေဦးမယ့် အကြောင်း၊ အဲဒီလို လူတွေ အတွက်ကတော့ လူမှုရေး အကူအညီတွေ ဆက်ပြီး လိုအပ် နေမှာ လို့ အရှုပ်ခ် နီဂမ် က ပြောပါတယ်။

လူတွေကတော့ တော်တော်လေး ထိတ်လန့် နေဆဲ ဖြစ်နေပုံ၊ ပုံမှန် အခြေအနေကို ပြန်ရောက် လာဖို့က အချိန်ပေး ရမှာ ဖြစ်ပြီး၊ သူတို့အတွက် စိတ်ဓာတ် ရေးရာပိုင်းမှာ ကုစားမှုတွေ ပေးဖို့လည်း လိုပုံ တွေပါ ရှင်းပြပါတယ်။

မြန်မာ အစိုးရ ဘက်က နေစရာ၊ စားစရာ အကုန်ပေး နေပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အကူအညီတွေ ကို တောင်းခံသွားဖို့ ရှိတယ်လို့လည်း ပြောထား ပြီးသား ဖြစ်ပါတယ်။

အခု လုံခြုံရေး တွေလည်း ရှိနေလို့ မြို့က တည်ငြိမ် နေပါပြီ။ နောက်ပိုင်း ဘာတွေ လိုအပ်မလဲ ဆိုရင် ဘာသာရေး အဖွဲ့အစည်း တွေ ဘက်လည်း ယုံကြည်မှုတွေ ပြန်လည် တည်ဆောက်မယ့် သတင်းစကား တွေ ပေးဖို့ လိုပါမယ်။ ဒီလူတွေဟာ အရင်က နှစ်ပေါင်းများစွာ အတူယှဉ် တွဲနေထိုင် ခဲ့ကြဘူးပြီး ဖြစ်လို့ အရင်လို ပြန်ဖြစ်ဖို့ သိပ်ကြာမှာ မဟုတ်ပါဘူး။ အစိုးရဘက်ကလည်း တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက် သွားမယ်ဆိုရင် အဲဒီမှာ အခြေအနေတွေ ပြန်လည် တည်ငြိမ်သွားမှာ ဖြစ်ပါတယ် လို့ အရှုပ်ခ် နီဂမ် က ဘီဘီစီ ကို ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။