ပဲခူးတိုင်း မြို့တချို့မှာ ပုဒ်မ ၁၄၄ ထုတ်

  • 26 မတ် 2013
Image caption ရန်ကုန်မှာ ကောလဟဠတွေကြောင့် လူထုစိုးရိမ်

မြန်မာနိုင်ငံ မိတ္ထီလာမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘာသာရေးနွယ်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း ပဲခူးတိုင်း အနောက်ခြမ်းက အုတ်ဖို ကြို့ပင်ကောက်နဲ့ မင်းလှ စတဲ့ မြို့တွေမှာ မတ်လ ၂၆ ရက် ညဦးပိုင်းကစလို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။

မနေ့ညက အုတ်ဖို မြို့မှာ လူအုပ်စု တစုက မွတ်ဆလင်တွေရဲ့ ဗလီ၊ လူနေအိမ်နဲ ဆိုင်တွေကို တိုက်ခိုက်ခဲ့လို့ ရဲက သေနတ်နဲ့ ပစ်ခတ် လူစု ခွဲခဲ့ရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ဒီလို ပစ်ခတ်မှုကြောင့် လူ ၉ ဦး ဒဏ်ရာရ ခဲ့ပြီး လူတချို့ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အုတ်ဖိုမှာ ဒီနေ့ နေလည် လောက်အထိ ဖျက်ဆီးမှုတွေ ရှိနေခဲ့တယ်လို့ ပြောပါတယ်။

ကြို့ပင်ကောက်မြို့နဲ့ စစ်ကွင်းမြို့တွေမှာလည်း မနေ့ညက လူအုပ်စုတစုက ဗလီ ၊ ဆိုင်နဲ လူနေအိမ်တွေ ကို လည်းတိုက်ခိုက်ခဲ့ပါတယ်။

အဲ ဒီမြို့တွေမှာ မွတ်ဆလင်တွေ သူတို့ရဲ့ အိမ်တွေကို စွန့်ခွာထွက်သွားကြပြီဖြစ်ပါတယ်။ ဒေသခံတွေကြားမှာလည်း စိုးရိမ်ထိတ်လန့်နေကြပါတယ်။

မိတ္ထီလာမြို့နဲ့ အနီးတဝိုက် ပြီးခဲ့တဲ့ အကြမ်းဖက်မှုတွေ အတွင်း သေဆုံးသူ ၄၀ ဒဏ်ရာ၇သူ ၆၉ ဦးနဲ့ အိုးမဲ့အိမ်မဲ့ တသောင်းကျော်ရှိတယ်လို့ မန္တလေးတိုင်း အာဏာပိုင်တွေက ပြောပါတယ်။

မိတ္ထီလာမြို့မှာတော့ တည်ငြိမ်နေတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာလည်း ကောလဟလတွေ ပြန့်နှံ့နေတာကြောင့် စိုးရိမ်မှုတွေရှိနေကြပါတယ်။

ဒီလို အခြေအနေမျိုးရှိနေတာကြောင့် မြန်မာနိုင်ငံတွင်း ခရီးသွားလာနေကြတဲ့ အမေရိကန်နိုင်ငံသားတွေကို မန္တလေးတိုင်း နဲ့ ရန်ကုန်မြို့က အန္တရာယ်ရှိနိုင်တဲ့ နေရာတချို့ ကို ရှောင်ကြဖို့ မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးက သတိပေးထားပါတယ်။