ဒုက္ခသည်တွေအတွက် အမေရိကန် ထောက်ပံ့ကူညီ

  • 27 မတ် 2013
Image caption ပဋိပက္ခတွေကြောင့် နေအိမ်တွေကနေ စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည်တွေ

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး နွယ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှု ပဋိပက္ခရဲ့ ဓါးစာခံ ဒုက္ခသည်တွေအတွက် အမေရိကန် အစိုးရက အကူအညီငွေ ဒေါ်လာ တသိန်းပေးမယ်လို့ ထုတ်ဖေါ် ကြေညာလိုက်ပါတယ်။

အဲဒီငွေတွေကို ယာယီတဲ အမိုးအကာ၊ စောင်ထည် တွေနဲ့ တကိုယ်ရေ သန့်ရှင်းရေး ပစ္စည်းတွေ အတွက် အသုံးပြုမှာ ဖြစ်သလို ပဋိပက္ခကြောင့် နေအိမ်တွေ စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေအတွက်အရေးပေါ် သောက်သုံးရေ ထောက်ပံ့ရေးမှာလည်း အသုံးပြုမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ယာယီ လက်ထောက် ပြောခွင့်ရ ပုဂ္ဂိုလ် Patrick Ventrell က ပြောပါတယ်။

တချို့ နေရာ ဒေသတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်ဖြစ်ပွားနေသေးတဲ့အတွက် အမေရိကန် အစိုးရအနေနဲ့ စိုးရိမ်မကင်း ဖြစ်မိတယ်လို့လည်း ပြောပါတယ်။

ဒီလို လူမျိုးရေး တင်းမာမှု တချို့ကို ကိုင်တွယ် ဖြေရှင်းရာမှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်ဖို့ မြန်မာ အာဏာပိုင်တွေနဲ့ အမေရိကန် အစိုးရ အကြား အမြဲမပြတ် ထိတွေ့ ပြောဆိုနေတယ်လို့လည်း ဆိုပါတယ်။

တချိန်ထဲမှာပဲ မြန်မာနိုင်ငံတွင်း ခရီးသွားလာနေကြတဲ့ အမေရိကန်နိုင်ငံသားတွေကို မန္တလေးတိုင်း နဲ့ ရန်ကုန်မြို့က အန္တရာယ်ရှိနိုင်တဲ့ နေရာတချို့ ကို ရှောင်ကြဖို့ မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးက သတိပေးထားပါတယ်။

တခါ မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးက မနေ့က ထုတ်ပြန်တဲ့ သဘောထား ကြေညာချက်ထဲမှာ အခု ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် တရပ်လုံးဟာ ဘာသာရေးကို ခုတုံးလုပ်ပြီး ကြိုတင် စီစဉ် အကွက်ချ ဖန်တီးလှုံ့ဆော်မှုတွေနဲ့ နိုင်ငံတော်အေးချမ်းသာယာရေးကို ဖျက်ဆီးလိုတဲ့ လူတစုရဲ့ အကြမ်းဖက် ဆောင်ရွက်ချက်ဖြစ်ပြီး အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေရဲ့ ထိရောက်စွာ ဟန့်တား အရေးယူမှု လျော့နည်း ပျက်ကွက်တာကို တွေ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မိတ္ထီလာမြို့မှာ စဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေအတွင်း ခုချိန်ထိ သေဆုံးသူ စုစုပေါင်း ၄၀အထိ ရှိသွားပြီလို့ အစိုးရက ပြောပါတယ်။