ပဲခူးတိုင်း အနောက်ခြမ်းမှာ တိုက်ခိုက်မှုတွေ ဆက်ဖြစ်

  • 27 မတ် 2013
burma riot
Image caption မိတ္ထီလာက စခဲ့တဲ့ အဓိကရုဏ်းတွေ ပဲခူးအနောက်ခြမ်းအထိပါရောက်လာနေ

ပဲခူးတိုင်း အနောက်ခြမ်းက မင်းလှ၊ ဇီးကုန်းနဲ့ နတ္တလင်း မြို့တွေ မှာ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းမှာ ဗလီနဲ့ လူနေအိမ် တချို့ တိုက်ခိုက် ဖျက်ဆီးခံခဲ့ ရပါတယ်။

နေ့လည် ၂ နာရီ လောက်မှာ လူ ၅၀၀ လောက်က ဗလီကို ဝင်ရောက် ဖျက်ဆီး ခဲ့တဲ့ အတွက် ဇီးကုန်းမြို့မှာ ရဲက ပစ်ခတ် ဖြိုခွဲ မှုတွေ လုပ်ခဲ့ရပါတယ်။

အဲဒီနေ့လည်ပိုင်းက တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဇီးကုန်း မြို့ခံက နေ့ခင်း ၂ နာရီလောက်မှာ လူ ပေါင်း ၅၀၀လောက် ညာသံပေးပြီး ရောက်လာကြတာ ဖြစ်ကြောင်းနဲ့ တခြား နေရာတွေက လာကြတဲ့ လူတွေ မဟုတ်ဘဲ ဇီးကုန်း မြို့သူမြို့သားနဲ့ နယ်သူနယ်သား တွေပဲ ဖြစ်ကြောင်း ဘီဘီစီကို ပြောပါတယ်။

အဲဒီနေ့က ပစ်ခတ် မှုကြောင့် လူ ၁ ဦး ဒဏ်ရာ ရရှိ သွားပြီး လူတချို့ ဖမ်းဆီး ခံခဲ့ရပါတယ်။ အဲဒီ ဖမ်းဆီး ခံရသူ တွေထဲမှာ ဇီးကုန်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စည်းရုံးရေး တာဝန်ခံ တဦးလည်း ပါဝင် နေတယ်လို့ ဇီးကုန်း ဒေသခံတွေက ပြောပါတယ်။

ညနေပိုင်းမှာတော့ ဇီးကုန်းမှာ ညမထွက်ရ အမိန့် ထုတ် လိုက်ပါတယ်။

မင်းလှ မြို့မှာလည်း ဗလီနဲ့ လူနေအိမ်တွေ နေ့လည်ပိုင်းမှာ ဖျက်ဆီး ခံခဲ့ရတယ်လို့ မြို့ခံ တဦးက ပြောပါတယ်။ မင်းလှမှာ ဗလီ ၃ လုံး အနက်က အကြီး တလုံးကတော့ သိပ်မပျက်ခဲ့ တဲ့အကြောင်းနဲ့ အဲဒီ လာရောက် ခဲ့ကြသူတွေဟာ ရပ်ကွက် ကျေးရွာတွေ ဘက်က စုလာတဲ့ သူတွေ ဖြစ်မယ်လို့ ထင်ရကြောင်းနဲ့ ရာဂဏန်း ရှိနိုင်ကြောင်း ပြောပါတယ်။

နတ္တလင်း မြို့မှာလည်း တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့ အတွက် ညမထွက်ရ အမိန့် ထုတ်ပြန် လိုက်ပါတယ်။

အခုဆိုရင် ပဲခူးတိုင်း အနောက်ခြမ်းမှာ ညမထွက်ရ အမိန့် ထုတ်ပြန် လိုက်တာဟာ ၅ မြို့ ရှိသွားပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ညမထွက်ရ အမိန့်ကို လိုက်နာတာ မရှိသလို လုံခြုံရေး ယူတာလည်း အားနည်းတယ်လို့ ပြောကြပါတယ်။

အစိုးရဘက်ကတော့ အင်္ဂါနေ့က လုံခြုံရေးနဲ့ ပတ်သက်တဲ့ အစီအမံ တွေကို ဒေသခံ တွေကို လာပြီး ရှင်းပြ ခဲ့ပါတယ်။

အခု ဖြစ်စဉ် တွေကြောင့် ပဲခူးတိုင်း အနောက်ခြမ်းက ပြည်မြို့အပါအဝင် အခြားမြို့ တွေက ဒေသခံ တွေအများစုဟာ အကြမ်းဖက်မှု တွေဖြစ်လာမှာနဲ့ ပတ်သက်လို့ စိုးရိမ် သောက ဖြစ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ