ဆိုက်ပရပ်စ် ဘဏ်တွေ ပြန်ဖွင့်မယ်

  • 28 မတ် 2013
Image caption ဘဏ်တွေ ကြာသပတေးနေ့ ပြန်ဖွင့်

ဆိုက်ပရပ်စ် နိုင်ငံရဲ့ အငြင်းအပွားရဆုံး ဘဏ်ကယ်တင်ရေး အစီအစဉ် အတည်ပြုပြီးနောက် ဒီနေ့ နေ့ခင်း မှာတော့ ဆိုက်ပရပ်စ်မှာ ဘဏ်တွေပြန်ဖွင့်တော့မှာ ဖြစ်ပါတယ်။

သူတို့ ဒေသစံတော်ချိန် မွန်းတည့်ချိန်ကနေ ညနေ ခြောက်နာရီ အထိမနက်ဖြန်မှာ ဖွင့်လှစ်ကြတော့မှာ ဖြစ်ပါတယ်။

ထုတ်ယူနိုင်တဲ့ ငွေပမာဏကိုတော့ ကန့်သတ်ထားပါတယ်။ လူတယောက် တရက် ထုတ်ယူနိုင်တဲ့ ပမာဏဟာ ယူရိုငွေ ၃၀၀ မျှသာ ဖြစ်ပါတယ်။

ဒီပမာဏဟာ အလွန်နည်းပါးလှပါတယ်။ ဒါပေမဲ့ လူတွေဘဏ်ကနေ ငွေ တွေ အလုံးအရင်းနဲ့ ထုတ်ယူကြရင် ဘဏ်တွေ ပျက်သွားမှာ စိုးတဲ့ အတွက် အခုလို ကန့်သတ်ထားတာ ဖြစ်ပါတယ်။

ချက်လက်မှတ်နဲ့ ငွေထုတ်ယူခွင့်ကိုလည်း ဆိုင်းငံ့ထားပါတယ်။

စောစောပိုင်းတုန်းကတော့ ဆိုက်ပရပ်စ် ဘဏ်ရဲ့ ဥက္ကဌကို ထုတ်ပယ်ခဲ့ပါတယ်။

ဘဏ်တွေမှာ ယူရိုငွေ တသိန်းထက်ပိုပြီး ထားရှိတဲ့သူတွေရဲ့ ငွေထဲက ၄၀ ရာနှုန်းကို ဘဏ်ရဲ့ ရှယ်ယာတွေအဖြစ် ပြောင်းလဲပစ်မှာ ဖြစ်ပါတယ်။ ငွေစုသူတွေရဲ့ အခွင့်အရေးကို ဘဏ်ကယ်တင်ရေး အစီအစဉ် တခုကနေ ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက်ထိပါးခြင်းလည်း ဖြစ်ပါတယ်။

တသိန်းအောက် ငွေစုထားတဲ့သူတွေကတော့ ငွေသား တိုက်ရိုက်ထိခိုက်နစ်နာ တာမျိုးတော့ရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ငွေများများစားစား ထုတ်ယူလို့မရတော့ပဲ တရက်ကို ၃၀၀သာ ထုတ်ယူလို့ရမှာ ဖြစ်တဲ့ အတွက် ဒါကိုလည်း နစ်နာမှု တခုလို့ ဘဏ်ရဲ့ ဖောက်သည်တွေက ယူဆကြပါတယ်။

ပြည်ပမှာ ခရက်ဒစ်ကဒ် ဒဲ့ဘစ် ကတ်တွေနဲ့ ပစ္စည်းဝယ်ယူရင်လည်း ယူရို ၅၀၀၀ ဖိုးထက် ပိုမဝယ်ရဘူးဆိုပြီး ကန့်သတ်ထားပြန်ပါတယ်။

ဘဏ်တွေ မပြိုလဲအောင် ဒီနည်းနဲ့ ထိန်းချုပ်တာဟာ အငြင်းပွား ကန့်ကွက်မှုတွေ အများအပြား ထွက်ပေါ်လာပါတယ်။

ငွေကြေး အပ်နှံထားသူတွေရဲ့ အခွင့်အရေးတွေကို ကျူးကျော်ဖောက်ဖျက်နေတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ပေါ်ထွက် နေသလို စီးပွားရေး ဆောင်ရွက်ချက်တွေကို ဆိုးဆိုးဝါးဝါး ထိခိုက်မှာကိုလည်း စိုးရိမ်ပူပန်နေကြ ပါတယ်။

လူတွေက ဆိုက်ပရပ် ဗဟိုဘဏ် ဝန်ထမ်းတွေ နှုတ်ထွက်ပေးဖို့တောင်းဆို ဆန္ဒပြနေကြပါတယ်။