ပြည်တွင်းပြည်ပ ကရင်အဖွဲ့ အစည်းအဝေး

  • 28 မတ် 2013
_bbc_knu_
Image caption ကရင် အဖွဲ့အစည်းများ တွေ့ဆုံပွဲ

ကရင်ပြည်နယ်၊ ဘားအံမြို့ မှာ မတ်လ ၂၉ ရက် နဲ့ ၃၀ ရက် နေ့ တွေ မှာ ပြည်တွင်း၊ ပြည်ပ ကရင် တွေ အပါအ၀င် ၊ ကရင် အဖွဲ့အစည်း ပေါင်းစုံ တွေ့ဆုံ တဲ့ အစည်းအဝေး တရပ် ကို ကျင်းပ မှာပါ။ နှစ်ရက်တာ ကျင်းပ မယ့် ဒီအစည်းအဝေးပွဲ ကို ပြည်တွင်းက ၊ကရင် ပြည်သူ့ပါတီ KPP က ဦးဆောင် ပြီးတော့ ကရင်လူမျိုးအဖွဲ့အစည်း ပေါင်းစုံ စုစည်း ညီညွှတ်မှု ရအောင် ဆောင်ရွက် တာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးပွဲ ကို ကျင်းပရတာ နဲ့ပတ်သက်ပြီးတော့၊ကရင်ပြည်သူ့ပါတီက ၊ ဦးနှောက်နဲ့အာရုံကြော ခွဲစိတ်ပါရဂူ ဒေါက်တာဆိုင်မွန်သာ က လက်နက်ကိုင် အဖွဲ့အစည်း က ၆ ဖွဲ့ ၇ ဖွဲ့ ရှိတယ်၊ နိုင်ငံရေး ပါတီ က ၄ဖွဲ့၊ လူမှုရေး အဖွဲ့အစည်း ၊အမျိုးသမီး အဖွဲ့အစည်း ၊ဘာသာရေး အဖွဲ့အစည်း တွေ အားလုံး စုပေါင်း ပြီးတော့မှ၊ ကရင်အမျိုးသား အားလုံးဟာ တစုတစည်းတည်း ဖြစ်ပြီး၊ တသံတည်း ထွက်ပြီး တဲ့အခါ မှာ ကျန်တဲ့ တိုင်းရင်းသား အားလုံးနဲ့ ပေါင်းပြီး တော့၊ ဒုတိယပင်လုံ ကို တက်ဖို့ ဦးတည် တာ ဖြစ်တယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

ဒီ အစည်းအဝေးပွဲ ကို ပြည်တွင်းက၊ ကရင်လက်နက်ကိုင် ငြိမ်း အဖွဲ့တွေ ဖြစ်တဲ့၊ ကေအင်ယူ၊ကလို့ထူး ဘော၊ ဒီကေဘီအေ၊ ကေအင်ယူ၊ ကေအင်အယ်အေ ငြိမ်းချမ်းရေးကောင်စီ၊ သံတောင်ငြိမ်းအဖွဲ့၊ ကရင် နယ်ခြားစောင့် အဖွဲ့ စတဲ့အဖွဲ့ တွေအပါအ၀င်၊ နိုင်ငံရေးပါတီတွေ၊ဘာသာရေးနဲ့ လူမှုရေး အဖွဲ့အစည်းတွေ က ကိုယ်စားလှယ် ၂၅၀ ကျော် တက်ရောက် မယ် လို့ သိရပါတယ်။

အဲဒီ ကိုယ်စားလှယ်တွေ က ဒုတိယပင်လုံ ကို တက်တဲ့ အခါမှာ ကရင်လူမျိုး အဖွဲ့အစည်း အားလုံး ရဲ့သ ဘောထား တခုတည်း ဖြစ်အောင် အရင် ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။ ပြီးတော့ မှ ၊ကရင်ပြည်နယ် ရေရှည် ငြိမ်းချမ်းပြီးတော့ အေးချမ်းသာယာရေး ကိစ္စရပ်တွေ ကို ဆွေးနွေး ညှိုနှိုင်းမှုတွေ အပြင် အနာဂါတ် ကရင်ပြည်နယ်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊စိုက်ပျိုးမွေးမြူရေး နဲ့ စက်မှုလုပ်ငန်း တွေ စနစ်တကျ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်မယ့် ကိစ္စတွေ ကို လည်းဆွေးနွေးကြမယ် လို့ သိရပါတယ်။