ပြည်ခရိုင်က မြို့နယ် ၆ခုမှာ ပုဒ်မ ၁၈၈ ထုတ်ပြန်

  • 28 မတ် 2013
Image caption ကြို့ပင်ကောက်မြို့က ဗလီကို သစ်လုံးတင် ယာဉ်တစင်းနဲ့ ထိုးပြီး ဖျက်သွားတာလို့ မျက်မြင်တွေက ပြော

ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင်ထဲက မြို့နယ် ၆မြို့နယ်မှာ တုတ်၊ ဓါး လက်နက် ကိုင်ဆောင် တာတွေ၊ လူစုဝေးတာကို တားမြစ်တဲ့ ပုဒ်မ ၁၈၈ ထုတ်ပြန်လိုက်ပါတယ်။

ပြည်မြို့နဲ့ အနီးတဝိုက်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွား ခဲ့အပြီးမှာ ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ သဲကုန်း၊ ရွှေတောင်နဲ့ ပေါင်းတည်မြို့တွေမှာ မတ်လ ၂၇ရက် ညက အခုလို ပုဒ်မ ၁၈၈ ထုတ်ပြန်လိုက် တာလို့ ပြည်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးက ဘီဘီစီကို ပြောပါတယ်။

ဒီကနေ့မှာ ပြည်မြို့မှာ အခြေအနေ ပုံမှန် ရှိနေပေမယ့် မွတ်ဆလင် ဘာသာဝင်တွေရဲ့ အိမ်တွေ၊ ဆိုင်တွေ ပိတ်ထားတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညမထွက်ရ အမိန့် ထုတ်ပြန်ထားတဲ့ ကြို့ပင်ကောက်မြို့မှာလည်း မနေ့က အိမ်နှစ်လုံး ထပ်မံ ဖျက်ဆီးခံခဲ့ရပြီး အဲဒီမှာ ဗလီတခု ဖျက်ဆီးခံရစဉ်မှာ သစ်လုံးတင်ယာဉ် တစင်းနဲ့ ထိုးပြီး ဖျက်သွားတာကို တွေ့ရကြောင်းနဲ့ ဒါဟာ သွေးရိုးသားရိုး မဟုတ်ဘူး လို့ ယူဆရကြောင်း ကြို့ပင်ကောက်မြို့ကို ရောက်နေတဲ့ မင်္ဂလာတောင်ညွန့် မြို့နယ် လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

တခါ မိုးညိုမြို့မှာလည်း သံဃာ ၃၅ပါးလောက်က ဗလီတွေကို ဒီကနေ့ လာရောက် ထပ်မံ ဖျက်ဆီးခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေး အဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဒုတိယ ရဲမှူးကြီး မင်းအောင်က ဘီဘီစီကို ပြောပါတယ်။

မြို့နယ် တခုမှာ ရဲတပ်ဖွဲ့ဝင် ၄၀လောက်သာ ရှိတဲ့အတွက် ရာနဲ့ ချီတဲ့ လူအုပ်ကြီးကို မတားဆီးနိုင်တာကို နားလည်ပေးဖို့ ဒုတိယ ရဲမှူးကြီး မင်းအောင်က ပြောပါတယ်။

အခုဖြစ်ခဲ့တဲ့ ပဋိပက္ခ တွေကို ဘုန်းကြီးတွေနဲ့ ရွာခံတွေပဲ လုပ်ခဲ့ကြတာလို့ ဆိုပါတယ်။

ဒါပေမယ့် နိုင်ငံရေး သမားတွေ၊ ရဲတပ်ဖွဲ့နဲ့ ရန်ကုန် ဝန်ကြီးချုပ်တို့ကတော့ ဒီဖြစ်စဉ်တွေကို နောက်ကွယ် ကနေ သွေးထိုး လှုံ့ဆော်နေသူတွေ ရှိနေတယ်လို့ ဆိုပါတယ်။

မိတ္ထီလာကို ကိုယ်တိုင် သွားရောက်ခဲ့သလို ဒီအရေးကိစ္စတွေကို တစိုက်မတ်မတ် စောင့်ကြည့် ပြောဆိုနေတဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင် ဦးမင်းကိုနိုင်ကလည်း သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ ဖမ်းမိ ထားသူတွေကို အသေအချာ စစ်ဆေးပြီး သေချာတဲ့ အဖြေမျိုးကို အချိန်မဆိုင်းပဲ ဖေါ်ထုတ်သင့်ကြောင်းနဲ့ ဒီလို ဖေါ်ထုတ် အရေးယူနိုင်မယ် ဆိုရင်တော့ ပြည်သူ တွေက တခဲနက် အားပေးမှာ ဖြစ်ကြောင်း ပြောပါတယ်။