ဧပြီ ၁ ရက်နေ့ ပုဂ္ဂလိက သတင်းစာ ထွက်ပြီ

Image caption The Voice Daily၊ ပြည်ထောင်စု နေ့စဉ်၊ ရွှေနိုင်ငံ နေ့စဉ်နဲ့ The Standard Time သတင်းစာ လေးစောင် စထွက် မယ်

ဆယ်စုနှစ် များစွာ အတွင်း မနက်ဖြန် ဧပြီ ၁ မနက်က စလို့ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ တွေ ပြန်လည် ထွက်ရှိ လာတော့မှာ ဖြစ်ပါတယ်။

ဧပြီ ၁ မနက်မှာ The Voice Daily၊ ကြံ့ခိုင်ရေး ပါတီရဲ့ ပြည်ထောင်စု နေ့စဉ်၊ ရွှေနိုင်ငံ နေ့စဉ်နဲ့ The Standard Time (စံတော်ချိန်) သတင်းစာ လေးစောင် ထွက်ရှိ လာမှာ ဖြစ်ပါတယ်။

အစိုးရက ဧပြီ ၁ က စလို့ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေ နိုင်ပြီလို့ ခွင့်ပြု ပြီးနောက်မှာ လောလောဆယ် ခွင့်ပြုချက်ရ သတင်းစာ ၁၆ စောင် အနက်၊ လေးစောင်က ပထမဆုံး ထွက်လာကြမှာ ဖြစ်ပါတယ်။

အခုလို နှစ်ပေါင်းများစွာ အတွင်း လွတ်လပ်တဲ့ ပုဂ္ဂလိက သတင်းစာတွေ ထွက်လာ မှာနဲ့ ပတ်သက်လို့ သတင်းစာ ထုတ်ဝေခွင့် ရထားသူတွေ အပါအဝင် သတင်းစာ သမား အချင်းချင်းက အပြန် အလှန် စောင့်ကြည့် နေကြတယ်လို့ ရန်ကုန်က ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။

လူထု ကတော့ အသွင်ပြောင်း ထားတဲ့ တခါ ဈေးသက်သာပြီး ရောင်စုံနဲ့ ရိုက်နှိပ် ထားတဲ့ အစိုးရထုတ် ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာတွေကို ဖတ်နေရသလို လူထုကြား စာဖတ်အား ကလည်း အရင်ခေတ်တွေလို မဟုတ် တော့ဘဲ တခြား ဖျော်ဖြေရေး တွေက ပေါပေါ လောလော များများ စားစား ရှိလာတဲ့ ခေတ်မို့ လူထု အနေနဲ့တော့ မနက်ဖြန် ပုဂ္ဂလိက သတင်းစာတွေ ထွက်လာမယ့်အပေါ် သည်းသည်းလှုပ် စိတ်ဝင်စားမှုမျိုး မတွေ့ရဘူးလို့ ရန်ကုန် ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

နာမည်ကျော် အပတ်စဉ်ထုတ် သတင်းဂျာနယ် တစောင်ဖြစ်တဲ့ The Voice Weekly ကတော့ မနက်ဖြန်က စလို့ The Voice Daily နာမည်နဲ့ ပထမဆုံး ထွက်ရှိလာတဲ့ ပုဂ္ဂလိက သတင်းစာ တစောင်အဖြစ် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွေမှာ နေ့ချင်းဖြန့် တပတ်ကို ခြောက်စောင် ထုတ်ဝေ မယ်လို့ သိရ ပါတယ်။

ပုံမှန် စာမျက်နှာ ၂၀ ရှိမှာ ဖြစ်ပေမယ့် မနက်ဖြန် ပထမဆုံး ထွက်မယ့် The Voice Daily ကိုတော့ စာမျက်နှာ ၂၄ မျက်နှာနဲ့ ဖြန့်ချိ ဈေးနှုန်း ၁၁၀ ကျပ် ဖြစ်ပြီး၊ သတင်းစာ ဝယ်ဖတ်သူက ၁၅၀ ကျပ်နှုန်းနဲ့ ဖတ်ရှု နိုင်မယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ