ဂျော်ဒန်ရောက်လုပ်သား တချို့ မြန်မာနိုင်ငံပြန်လာ

  • 31 မတ် 2013
Image caption အထည်ချုပ်လုပ်ငန်းဟာ ကာယ လုပ်သား အများဆုံး အသုံးပြုတဲ့ နိုင်ငံတကာ စီးပွားရေး လုပ်ငန်း တခု ဖြစ်

ဂျော်ဒန်နိုင်ငံမှာ သပိတ်မှောက် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ အထည်ချုပ် စက်ရုံ အလုပ်သမား ၂၀၀ ကျော် မြန်မာ နိုင်ငံကို ပြန်လည် ရောက်ရှိ လာကြ ပါတယ်။

သူတို့ဟာ မူလက ပြောဆို သဘောတူ ထားတဲ့ လုပ်ခအတိုင်း မရကြတဲ့ အပြင် တခြား အလုပ် သမားတွေနဲ့ ခွဲခြား ဆက်ဆံမှုတွေလည်း ရှိတဲ့အတွက် သပိတ်မှောက် တောင်းဆို မှုတွေ လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ အလုပ်ရှင်ဘက်က သူတို့လိုလားတဲ့ တောင်းဆိုချက်ကို အပြည့်အဝ မလိုက်လျောဘဲ အနည်းငယ်သာ လိုက်လျောခဲ့ပါတယ်။

ဒါ့အပြင် အဆောင်မှာ နေထိုင်တဲ့ မြန်မာအမျိုးသမီး အလုပ်သမား တွေကို ရိုက်နှက် ခြိမ်းခြောက်ပြီး အလုပ်ပြန်ဆင်းဖို့ ဖိအားပေးတာတွေရှိတဲ့အတွက် အလုပ်သမား အများစုဟာ သူတို့ အတွက် လုံခြုံမှု မရှိတော့ဘူးလို့ ခံစားရပြီး ပြန်လာကြတာလို့ ဂျော်ဒန် နိုင်ငံက ပြန်လာသူ မအိအိအောင်က ဆိုပါတယ်။

ကျန်နေခဲ့တဲ့ အလုပ်သမား ၁၀၀၀ ကျော်ကလည်း ပြန်ချင်သူက အများစုဖြစ်တယ်လို့ သူကဆိုပါတယ်။ နောက်ထပ် ပြန်လာမယ့်သူလည်း ရှိသေးတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ တချို့ အလုပ်သမားတွေဟာ မူလ စာချုပ်ချုပ်ထားတဲ့ ၃ နှစ် စာချုပ် ပြည့်ကာနီးပြီမို့ စာချုပ်ပြည့်အောင် စောင့်နေကြသလို တချို့ကလည်း အကြွေးတင် နေကြတဲ့ အတွက် ဆက်လက်သည်းခံပြီး အလုပ်ဆက်လုပ်ကြမယ့် သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

သူတို့ အခုလို ပြန်လာနိုင်ကြဖို့ အတွက် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့နဲ့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် FTUB တို့က အကူအညီပေးခဲ့ ကြတယ်လို့လည်း မအိအိအောင်က ဆိုပါတယ်။

FTUB က နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် အိုင်အယ်လ်အို ကိုတင်ပြ အကူအညီတောင်းတဲ့အတွက် အိုင်အယ်လ်အိုက ကိုယ်စားလှယ် စေလွှတ်ကူညီပေးခဲ့တယ်လို့လည်း ပြောပါတယ်။