ပြည်တွင်းပြည်ပ ကရင်အဖွဲ့အစည်းများ တွေ့ဆုံ

  • 31 မတ် 2013
knu
Image caption ပြည်တွင်းပြည်ပ ကရင်အဖွဲ့အစည်းတွေ တွေ့ဆုံခဲ့ကြ

ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင် ခန်းမမှာ အဖွဲ့အစည်း ပေါင်းစုံ ကရင့်ရေးရာ အစည်း အဝေးတရပ်ကို မတ်လ ၂၉ ရက် နဲ့ ၃၀ ရက် နှစ်ရက်ကြာကျင်းပခဲ့ပါတယ်။

ဒီ အစည်းအဝေးပွဲ ကို ကရင်လက်နက်ကိုင် ငြိမ်း အဖွဲ့တွေ ဖြစ်တဲ့၊ KNU ၊ကလို့ထူး ဘော DKBA၊ KNLA စတဲ့ အဖွဲ့တွေ ၊ ငြိမ်းချမ်းရေး ကောင်စီ၊ သံတောင်ငြိမ်းအဖွဲ့၊ ကရင် နယ်ခြားစောင့် အဖွဲ့ စတဲ့အဖွဲ့ တွေအပါအ၀င်၊ နိုင်ငံရေးပါတီတွေ၊ ဘာသာရေးနဲ့ လူမှုရေး အဖွဲ့အစည်းတွေ က ကိုယ်စားလှယ် ၄၀၀ လောက် တက်ရောက် ခဲ့ကြပါတယ်။

ဒီအစည်းအဝေးဟာ ပြည်တွင်းပြည်ပက ကရင် တိုင်းရင်းသား တွေအကြား ပထမဆုံးအကြိမ် စုံညီ တွေ့ဆုံခဲ့ ကြတဲ့ ဆွေးနွေးပွဲ ဖြစ်ပါတယ်။

ဒီအစည်းအဝေးနဲ့ ပတ်သက်လို့ အစည်းအဝေး တက်ရောက်ခဲ့သူ KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် မန်းငြိမ်းမောင်ကို ဆက်သွယ် မေးခဲ့ရာမှာတော့ အဓိက ငြိမ်းချမ်းရေး၊ စည်းလုံး ညီညွတ်ရေး နဲ့ ကရင့် အနာဂတ်အရေး တွေကို ဆွေးနွေး ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ငြိမ်းချမ်းရေး ဆိုရာမှာ တော်လှန်ရေး အင်အားစု တွေထဲမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေ ကွဲပြား နေကြတာကို စုစည်းဖို့ နဲ့ ပြည်တွင်းမှာ ရှိတဲ့ နိုင်ငံရေး ပါတီ အင်အားစုတွေ၊ အလွှာ အသီးသီးနဲ့ ပညာရှင်တွေ၊ လူမှု အဖွဲ့အစည်းတွေ ကျစ်ကျစ်လစ်လစ် နဲ့ ပြန်လည် စည်းလုံး ညီညွတ်ရေး ဆိုတဲ့ တူညီတဲ့ သဘောထားတွေ ချမှတ် သွားဖို့ အပိုင်းတွေ ရှိကြောင်း ပြောပါတယ်။

ကရင့် အနာဂတ် အရေး ကတော့ ငြိမ်းချမ်းရေး ရမှ ကရင် အမျိုးသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေး တွေကို ဖွဲ့စည်းပုံ ဥပဒေမှာ ပြန်လည်ပြင်ဆင်ပြီး ဆောင်ရွက်ဖို့ သဘောထားတွေ ချမှတ် ခဲ့တယ်လို့ ဆိုပါတယ်။

၂ ရက်ကြာ အစည်းအဝေးကနေ ကော်မတီသစ် ထပ်ဖွဲ့ဖြစ်ခဲ့တဲ့ အကြောင်း၊ ဒီအစည်းအဝေး ကနေ ရရှိခဲ့တဲ့ ညီညွတ်မှု စိတ်ဓာတ်တွေ၊ လန်းဆန်း နေတဲ့ အမျိုးသားရေး စိတ်ဓာတ် တွေကို ဆက်လက် ထိန်းသိမ်းပြီး ကရင် အမျိုးသား တရပ်လုံးကို ကိုယ်စားပြုတဲ့ အမျိုးသား ညီလာခံကြီး တရပ် ဖြစ်ပေါ်လာဖို့ ကော်မတီကို တာဝန် ပေးထားပြီး၊ အဲဒီ အတွက် ကော်မတီက ကျစ်ကျစ်လစ်လစ် တာဝန် ခန့်ခွဲပြီး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ ပြောကြား သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ