သမ္မတ ငြိမ်းချမ်းရေး မိန့်ခွန်းပေး

  • 31 မတ် 2013
thein_sein
ဝန်ထမ်း လစာတိုးမြှင့်ပေး

ဒီမိုကရေစီက နုနု မုန်တိုင်းက ထန်ထန် ဖြစ်နေရင် ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် အနှောက်အယှက် အဟန့်အတား ဖြစ်စေလိမ့်မယ်လို့ သမ္မတ ဦးသိန်းစိန်က မတ်လ ၃၁ ရက် ညဘက် ရေဒီယို မိန့်ခွန်း မှာ ပြောသွားပါတယ်။

တိုင်းပြည်တည်ငြိမ် အေးချမ်းရေး၊ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေး အတွက် ဝိုင်း၀န်းကူညီကြဖို့လည်း ရဟန်းရှင်လူ ပြည်သူအပေါင်းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မေတ္တာရပ်ခံခဲ့ ပါတယ်။

ပြည်သူအချို့ဟာ ပြဿနာ ကြုံတွေ့တိုင်း တရားဥပဒေ နည်းလမ်းနဲ့ မဖြေရှင်းဘဲ လူအုပ်စုဖွဲ့ကာ အကြမ်းဖက် သတ်ဖြတ် မီးရှို့မှုတွေ ကျူးလွန်နေကြလို့ နိုင်ငံတကာ မျက်နှာစာမှာ တိုင်းပြည် မျက်နှာ ပျက်စရာတွေ မကြာခဏ ကြုံနေရတယ်လို့ သမ္မတက ရေဒီယို မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ပြည်ပနိုင်ငံများက မြန်မာအပေါ် စီးပွားရေး ပိတ်ဆို့တားဆီး မှုတွေ ဖြေလျှော့ပေးနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုတချို့ ရရှိနေပြီး တိုင်းပြည် စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဘက်ဘက်က အထောက်အကူတွေ ရနေပြီဖြစ်လို့ အဓိက လိုအပ်ချက်က တိုင်းပြည် တည်ငြိမ် အေးချမ်းရေးသာ ဖြစ်ကြောင်း ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှု တွေကိုလဲ လူထု အကျိုး စီးပွား မထိခိုက်အောင် မူဝါဒတွေ သတ်မှတ် ဆောင်ရွက် နေတယ်လို့ ပြောပါတယ်။

မိုဘိုင်းလက်ကိုင်ဖုန်း တွေကို ဧပြီလကစပြီး ဆက်သွယ်ရေး၊ သတင်းနဲ့ နည်းပညာ ဝန်ကြီးဌာနက လိုအပ်တဲ့ အမိန့်စာထုတ်ပြီး အသက်သာဆုံး ကျပ်ငွေ နှုန်းထားနဲ့ တနိုင်ငံလုံး မျှပြီး ရောင်းချပေးသွားမယ်လို့လဲ သူက ပြောပါတယ်။

တယ်လီဖုန်း ဆက်သွယ်ရေး စနစ် ပိုမို ကောင်းမွန် အဆင်ပြေအောင် တိုးချဲ့ ဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။

၀န်ထမ်း လစာနဲ့ ထောက်ပံကြေး တွေကို တိုင်းပြည် စီးပွားရေး အခြေအနေ အရ တိုးမြှင့်ထောက်ပံ့ ပေးသွားမှာ ဖြစ်ပြီး အရင်က ထောက်ပံ့ခဲ့တဲ့ ကျပ်ငွေ သုံးသောင်း အပြင် ကျပ်ငွေနှစ်သောင်းကို လစာအဖြစ် ဧပြီလက စပြီး ထပ်မံ တိုးမြှင့် ပေးသွားမယ် လို့ ဦးသိန်းစိန်က ကြေညာခဲ့ ပါတယ်။

တောင်သူ လယ်သမားနဲ့ အလုပ်သမားတွေ အတွက် ငွေကြေး အရင်းအနှီး ဖြည့်ဆည်း နိုင်ဖို့ အသေးစား ငွေစုငွေချေးဘဏ်၊ အသင်းတွေနဲ့ သမဝါယမ တွေ တည်ထောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်း ဆောင်ရွက် နေတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။ ပြည်ပက အထောက်အပံ့ ချေးငွေတွေ ရယူပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စက်မှု လယ်ယာ ကူးပြောင်းနိုင်ရေး၊ အထွက်တိုး စပါး တိုးချဲ့ ထုတ်လုပ်နိုင်ရေး အတွက် မြေယာပြုပြင်ရေးနဲ့ စိုက်ပျိုးရေးတွေမှာ လုံ့လထုတ် ဆောင်ရွက်ကြဖို့လဲ လယ်သမားတွေကို တိုက်တွန်းခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ် ထူထောင်ခဲ့တဲ့ တပ်မတော်ဟာ အစဉ်အလာ ကြီးမားတဲ့ တပ်မတော်ဖြစ်ကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်း နေတဲ့ ကာလမှာ တပ်မတော်က ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ပြီး အရေးကြီးတဲ့ ကဏ္ဍတွေက ပါ၀င်ဆောင်ရွက်နေပါတယ်လို့လဲ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ