မြန်မာနိုင်ငံတွင်းမှာ သစ်လုံး လွတ်လပ်စွာ ဝယ်ခွင့်ပြု

  • 3 ဧပြီ 2013
Image caption ပြည်ပကို သစ်လုံး တင်ပို့မှုကို လာမယ့်နှစ်က စလို့ ရပ်ဆိုင်းတော့မယ်လို့ သစ်တော ဝန်ကြီးဌာနက ကြေညာ

မြန်မာနိုင်ငံမှာ နိုင်ငံတွင်းမှာ သစ်ခွဲသားတွေကို အများပြည်သူတွေကို လွတ်လွတ်လပ်လပ် ဝယ်ယူခွင့်၊ သယ်ဆောင်ခွင့်တွေ ပြုလိုက်ပြီဖြစ်တယ်။

အမေရိကန်နဲ့ ဥရောပကိုလည်း သစ်ခွဲသားနဲ့ အချောထည်ပရိဘောဂတွေ စတင် ပို့နေပြီး ဖြစ်ပါတယ်။

တစ်နှစ်ကို အမေရိကန် ဒေါ်လာ သန်း၅ဝဝ ဖိုးလောက် တင်ပို့နေတဲ့ သစ်လုံး တင်ပို့မှုကို လာမယ့်နှစ်က စပြီး ရပ်ဆိုင်းတော့မှာ ဖြစ်တယ်လို့ သစ်တောဝန်ကြီးဌာနက ကြေညာခဲ့အပြီးမှာ အခုလို ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

အခုအခါ တိုင်းဒေသကြီး ပြည်နယ်တွေမှာ ရှိတဲ့ အစိုးရသစ်စက်တွေမှာ သစ်ခွဲသားတွေ လွတ်လပ်စွာ ရောင်းချပေးနေပြီလို့ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးစိန်လွင်က ဘီဘီစီကို ပြောပါတယ်။

အရင်က မြို့နယ် ရပ်ကွက် အုပ်ချုပ်ရေးအဆင့်ဆင့်ရဲ့ ထောက်ခံချက်နဲ့မှ ဝယ်နိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ ပြည်တွင်းသစ် လိုအပ်ချက်ကို အစိုးရက ဖြည့်ဆည်းပေးတဲ့ အနေနဲ့ လုပ်ခဲ့တာလို့လည်း ပြောပါတယ်။

သစ်တော ဦးစီးဌာနက ကန့်သတ်မှုတွေ ဖြည့်လျှော့ပေးတဲ့ အနေနဲ့ သစ်စက်လိုင်စင်တွေကို တနှစ်အစား ငါးနှစ် ခွင့်ပြုလိုက်ပြီလို့လည်း သိရပါတယ်။