မြန်မာ့ငြိမ်းချမ်းရေး နိုင်ငံတကာကူညီမှု ထိရောက်ရဲ့လား

  • 3 ဧပြီ 2013
Image caption ငြိမ်းချမ်းရေးလုပ်ငန်းတွေကို အကူအညီပေးနေတဲ့ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ

နိုင်ငံတကာမှာ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ အဖြေရှာရေး ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေးစတာတွေကို ကာတာစင်တာ ဆိုတဲ့ အဖွဲ့အစည်း ထူထောင်ပြီး ဆောင်ရွက်နေတဲ့ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာတို့ ပုဂ္ဂိုလ်မျိုးတွေအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းအတော်များများ မြန်မာငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ကူညီပံ့ပိုးနေကြပါတယ်။

ဒီလို နိုင်ငံတကာရဲ့ မြန်မာ့ငြိမ်းချမ်းရေး ကူညီပံ့ပိုးမှုတွေဟာ အများကြီးအထောက်အကူ ဖြစ်လိမ့်မယ်လို့ ၊ ဒါပေမယ့် စောသေးတဲ့အတွက် တစုံတရာ ရလဒ် ပေါ်ထွက်လာခြင်းမရှိသေးဘူးလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမြအေးက ပြောပါတယ်။

မြန်မာငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ နိုင်ငံတကာက ကူညီပံ့ပိုးတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေဟာ အနောက်တိုင်းအယူအဆ၊ အနောက်တိုင်းက နမူနာတွေနဲ့ ကူညီ ဆောင်ရွက်တာမျိုးဖြစ်လို့ မြန်မာနိုင်ငံအခြေအနေနဲ့ အံမဝင်နိုင်ဘူးလို့ ဝေဖန်မှုတွေ ရှိနေတဲ့ အပေါ် ကိုမြအေးက အနောက်တိုင်းက ပုံစံဘဲ ဖြစ်ဖြစ် အရှေ့တိုင်းကပုံစံ အိမ်နီးချင်းနိုင်ငံကပုံစံ ဘဲ ဖြစ်ဖြစ်၊ အဲဒီပုံစံမျိုးတွေနဲ့ တထပ်တည်းလုပ်လို့ရမှာ မဟုတ်ဘူး၊ ဒါပေမယ့် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဖြတ်သန်းမှုနဲ့ အတွေ့အကြုံတွေက မြန်မာ့ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် အများကြီးအသုံးဝင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်းတောင်ပိုင်းနဲ့ ဖိလိပိုင်နိုင်ငံတွေက ငြိမ်းချမ်းရေးတည်ဆောက်မှု ပုံစံတွေဟာ မြန်မာနိုင်ငံနဲ့ တထပ်တည်း မကျပေမယ့် မြန်မာနိုင်ငံနဲ့ အံဝင်မယ့် ပုံစံမျိုး ရွေးချယ်လုပ်ကိုင်ရင် ရနိုင်မယ်၊ လက်ရှိ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းကြား မယုံသင်္ကာမှုတွေကို ကြားခံ အဖွဲ့အစည်းတခုခု ရှိနေရင် အများကြီးလျော့ကျသွားစေနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာအပါအဝင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကူညီဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခုကိုသွားတဲ့အခါ အပစ်အခတ် ရပ်စဲရုံလောက်မျှနဲ့ မလုံလောက်ဘူး၊ နိုင်ငံရေးပဋိပက္ခတွေကို ဖြေရှင်းတဲ့ ဆွေးနွေးပွဲတွေ ဆက်တိုက် လုပ်သွားဖို့လိုပြီး အားလုံးပေါင်းလုပ်မှ ရမယ်လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းတခုကို လုပ်ဆောင်ရာမှာ ရိုးသားရမယ်၊ တကယ်ကို ပြည်ထောင်စုစစ်စစ်ကို တည်ဆောက်လိုစိတ်ရှိရမယ်၊ တယောက်ယောက်က အကွက်တွေချောင်းပြီး လုပ်နေရင် ရေရှည် ငြိမ်းချမ်းရေး မရနိုင်ဘူးဆိုတဲ့ သဘောတရားကို ပါဝင်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေ ကျေကျေလည်လည် သဘောပေါက်ထားသင့်တယ်လို့ ကိုမြအေးက ပြောပါတယ်။