ရှမ်းလက်နက်ကိုင်အဖွဲ့တွေ နဲ့ အစိုးရဆွေးနွေး

  • 3 ဧပြီ 2013
ssa_sspp_soldiers_
ရှမ်းတပ်မတော် SSPP နဲ့ SSA တပ်ဖွဲ့ဝင်များ

ရှမ်းပြည် တပ်မတော် မြောက်ပိုင်းခေါ် ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA တို့ ဟာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင် ရေး အဖွဲ့ဝင် တချို့ နဲ့ လားရှိုးမြို့ မှာ ပြီးခဲ့တဲ့ ရက်က တွေ့ဆုံဆွေးနွေး ကြပါတယ်။ တန့်ယန်းမြို့နယ် နဲ့ လားရှိုးမြို့နယ် အတွင်း အစိုးရတပ် နဲ့ SSPP တို့ ဒီရက်ပိုင်း အတွင်း တိုက်ပွဲ ပြန်ဖြစ်တာနဲ့ ပတ်သက် လို့ ဆွေးနွေး တာပါ။

ဒါ့အပြင် အဆိုပါ ဒေသရှိ SSPP တပ်စခန်း တွေ ကို နယ်မြေရှင်းလင်းရေး ဆိုပြီး ဖယ်ရှား စေတဲ့ ကိစ္စ၊ စစ်ရေးနဲ့ ပတ်သက်တာတွေ အဓိကထား ဆွေးနွေးကြောင်း ဆွေးနွေးပွဲ တက်ရောက်သူ SSPP ဗဟို ကော်မတီဝင် ဗိုလ်မှူး စိုင်းနော်လိတ် က ဘီဘီစီ ကို ပြောပါတယ်။

အထူးသဖြင့် ဒေသခံ လူထု တောင်ယာ စိုက်ပျိုးချိန် မှာ လယ်ယာ လုပ်ငန်း မလုပ်ရပဲ၊ တောင်ပြေး မြောက်ပြေး စစ်ပြေး ဒုက္ခသည် ဘဝ ရောက်ကြရတာကို ကိုယ်ချင်းစာ စိတ်နဲ့ တိုက်ပွဲ မဖြစ်ရေး၊ အခုဆိုရင် တန့်ယန်းမှာ စစ်ပြေးဒုက္ခသည် ၅ဝဝ ခန့် ရှိနေလို့ စစ်မတိုက်ဖို့ မေတ္တာရပ်ခံကြောင်း ဗိုလ်မှူး စိုင်းနော်လိတ် က ဘီဘီစီ ကို ပြောပါတယ်။

ဒီဆွေးနွေးပွဲ ကို ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဥက္ကဌ ဦးအောင်မင်း နဲ့ လားရှိုး တိုင်းမှူး တို့ဟာ တခြား အရေးတကြီး ကိစ္စ ကြောင့် လာမတက်ပဲ အမှတ် ၂ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်စိုး နဲ့ စီးပွား ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဦးဝင်းမြင့် တို့ပဲ တက်ပြီး SSPP ဘက် က ဗိုလ်မှူးကြီး ခွန်ဆိုင် ဦးဆောင်တဲ့ အဖွဲ့ဝင် ၇ ယောက် တက်ရောက် ဆွေးနွေး ကြပါတယ်။

SSPP ဘက် က တောင်းဆိုချက် ကို သမ္မတ ဦးသိန်းစိန် ကို တင်ပြပေးမယ် လို့ ဝန်ကြီး ဦးခင်မောင်စိုး က ပြောတဲ့ အကြောင်း ဗိုလ်မှူး စိုင်းနော်လိတ် ကဘီဘီစီ ကို ရှင်းပြပါတယ်။ အစိုးရ တပ်တွေ ဟာ မတ်လ ၂၂ ရက် က စလို့ ဒီကနေ့ အထိ တန့်ယန်းမြို့နယ် ထဲက လွယ်ခေး နဲ့ လွယ်လန်း တပ်စခန်း ၂ ခု ကိုလည်း ဖယ်ရှားပေး ဖို့ ပြောပေမယ့် တကယ်တော့ ဒီစခန်းတွေ ဟာ SSAမြောက်ပိုင်း နဲ့ ၀ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA တို့ရဲ့ မဟာမိတ် လမ်းကြောင်း ဖြစ်တဲ့ အပြင် SSPP ရဲ့ စီးပွားရေး လမ်းကြောင်း လည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ