အင်ဒိုနီးရှား စခန်းမှာ မြန်မာတွေ သေဆုံး

Indonesia Detainees
Image caption လဝက ထိန်းသိမ်းရေးစခန်း

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း၊ မီဒန်း မြို့အနီးက လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းမှာ ထိန်းသိမ်း ခံရသူတွေ အချင်းချင်း အငြင်းပွားရာက မြန်မာ နိုင်ငံသား ၈ ဦး သေဆုံး သွားတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံက လတ်တလော အဓိကရုဏ်းနဲ့ပတ်သက်ပြီး စခန်းအတွင်းမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ မြန်မာနိုင်ငံသား ငါးဖမ်းသမားတွေ ခိုက်ရန် ဖြစ်ပွားရာက ငါးဖမ်းသမားတွေ သေဆုံးခဲ့ပြီး မွတ်ဆလင် ၁၅ ဦးလောက် ဒဏ်ရာရ ခဲ့တယ်လို့ သိရပါတယ်။

ငါးဖမ်းသမားတွေ ကတော့ တရားမဝင် ဝင်ရောက် ငါးဖမ်းလို့ ထိန်းသိမ်း ခံထားကြရ သူတွေ ဖြစ်ပြီး အဲဒီ စခန်း အတွင်းမှာ ၁၀ ဦးကျော် လောက် ရှိခဲ့တယ်လို့ သိရပါတယ်။ ရိုဟင်ဂျာ မွတ်ဆလင် တွေကတော့ ၁၀၀ ကျော်လောက် ရှိတယ်လို့ စခန်း အုပ်ချုပ်သူက သတင်းထောက်တွေကို ပြောပါတယ်။ စခန်းတွင်း မှာ ဒုက္ခသည် စုစုပေါင်း ၃၀၀ နီးပါး လောက်ရှိတယ်လို့ သိရပါတယ်။

ဒီကိစ္စကို စုံစမ်း စစ်ဆေးဖို့နဲ့ ရာဇဝတ်မှု ကျူးလွန်သူ တွေကို အရေးယူဖို့ မြန်မာ အစိုးရ ဘက်က အင်ဒိုနီးရှား အာဏာပိုင်တွေကို တောင်းဆို ထားကြောင်း အင်ဒိုနီးရှား မှာရှိတဲ့ မြန်မာသံရုံး အရာရှိ တစ်ဦးက ဘီဘီစီကို ပြော ပါတယ်။

အင်ဒိုနီးရှား နိုင်ငံက နိုင်ငံတကာ ဆိုင်ရာ ရဲဌာနက လူဝင်မှု ကြီးကြပ်ရေး စခန်းမှာ စုံစမ်း စစ်ဆေးမှုတွေ ပြီးစီး သွားတဲ့ အခါ အစီရင်ခံစာ ကို မြန်မာ သံရုံးဆီ ပေးပို့မှာ ဖြစ်ပြီး အဲဒီ အစီရင်ခံစာမှာ တွေ့ရှိချက်တွေကို မူတည်လို့ ဆက်လက် လုပ်ဆောင် စရာတွေကို လုပ်သွားမယ်လို့ ဂျကာတာ မြို့တော်က မြန်မာ သံရုံး ပထမ အတွင်းဝန် ဦးအောင်ကျော်သူရက ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာ အင်ဒိုနီးရှား အစိုးရ ဘက်က ပေးပို့ လာမယ့် အစီရင်ခံစာကို စောင့်နေပြီး၊ သေဆုံးသူတွေ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာ အတိအကျ သိနိုင်ဖို့နဲ့ မြန်မာ နိုင်ငံက မိသားစုတွေဆီ အကြောင်းကြားဖို့ တွေကို သံရုံး ဘက်က လုပ်ဆောင် နေတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ