မိတ္ထီလာက ရွှေဆိုင် ပိုင်ရှင်တွေ တရားစွဲခံရ

  • 5 ဧပြီ 2013
Refugees in Meikhtila
Image caption ရွှေ အရောင်း အဝယ် စကားများ ရာက စတင် ခဲ့တဲ့ တိုက်ခိုက်မှုတွေ ကြောင့် လူ အများ အိုးအိမ်မဲ့ ဖြစ်ခဲ့

ပြီးခဲ့တဲ့ ၂ဝ ရက်နေ့က မိတ္ထီလာမြို့က အခင်းဖြစ်ပွားမှု စတင် ခဲ့တယ်လို့ ပြောနိုင်တဲ့ ရွေဆိုင် ပိုင်ရှင် သုံးယောက်ကို ခရိုင် တရားရုံးမှာ သောကြာ နေ့က တရားစွဲဆို လိုက်ပါတယ်။

မိတ္ထီလာမြို့က သူတို့ ဆိုင်မှာ ရွှေလာ ရောင်းသူတွေနဲ့ အငြင်းပွားပြီး ရွှေ လာရောင်းတဲ့ ဇနီးမောင်နှံကို ရွှေဆိုင် ပိုင်ရှင် တွေက ရိုက်နှက် ခဲ့တဲ့ အတွက် သူတို့ကို ဖမ်းဆီး ထားပါတယ်။

သူတို့ကို မိတ္ထီလာ ထောင်မကြီး မှာ ချုပ်နှောင် ထားပြီး ခရိုင် တရားရုံးမှာ သောကြာ နေ့က တရား စွဲဆို လိုက်တယ်လို့ မိတ္ထီလာမြို့ ရဲတပ်ဖွဲ့က တာဝန်ရှိသူ တစ်ယောက်က ဘီဘီစီကို ပြော ပါတယ်။

သူတပါးကို နာကျင်အောင် ပြုလုပ်မှု၊ ဆဲရေး တိုင်းထွာမှု တို့နဲ့ ရွှေဆိုင်ပိုင်ရှင် တွေကို နဲ့စွဲချက်တင် ထားတယ်လို့ အဲဒီ ရဲ အရာရှိက ပြောပါတယ်။

သူတို့ ရွှေဆိုင်က စခဲ့တဲ့ အခင်း ဖြစ်ပွား မှုကြောင့် တခြား စွဲဆိုချက် တွေလည်း ပါကောင်း ပါနိုင်တယ် လို့လည်း သူက ဆက်ပြော ပါတယ်။

ရွှေဆိုင်ရှင် သုံးယောက်နဲ့ ပတ်သက်ပြီး မိတ္ထီလာ အမှတ် ၂ ရဲစခန်းက ရဲအရာရှိ၊ ခရိုင်ရဲ အရာရှိနဲ့ ရန်ကုန် အင်းစိန်က လာတဲ့ စီအိုင်ဒီ ရဲအရာရှိ တို့က ထောင်မှာပဲ အမှု တည်ဆောက်ပြီး ခရိုင် တရားရုံးမှာ သောကြာနေ့က စတင် တရား စွဲဆို လိုက်တာ ဖြစ်တယ်လို့ မိတ္ထီလာက ရဲအရာရှိက ပြောပါတယ်။

အစ္စလာမ် စာသင်ကျောင်း မီးလောင်မှု စုံစမ်းရေး ကိစ္စ

ပြီးခဲ့တဲ့ သီတင်းပတ်က ကလေးငယ် ၁၃ ယောက် သေဆုံး ခဲ့ရတဲ့ ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ် ၄၈ လမ်းက အစ္စလာမ် စာသင်ကျောင်း မီးလောင်မှု နဲ့ ပတ်သက်ပြီး စုံစမ်း နေတဲ့ အဖွဲ့က သူတို့ တွေ့ရှိချက်တွေကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေဆီ အစီရင်ခံစာ တင်လိုက်ပြီ လို့ စုံစမ်းရေး အဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

သူတို့ တွေ့ရှိချက် အရ လုပ်ကြံ မီးရှို့မှု မျိုး မတွေ့ရဘူး လို့လည်း အဲဒီ အဖွဲ့ဝင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ