နေပူထဲထွက်ရင် ထီးဆောင်းဖို့ မိုးဇလပညာရှင် မှာကြား

Image caption နေပူပူ အောက်က ကမ်းခြေအလှ

တကမ္ဘာလုံး အဆင့်မှာ ခရမ်းလွန်ရောင်ခြည် သင့်မှုကို 11 + လို့ သတ်မှတ်တဲ့ အတွက်ကြောင့် သုညကနေ ရေတွက်ကြည့်ရင် ၁၂ ဆင့်ရှိတယ်လို့ မိုးလေ၀သနဲ့ ဇလ အရာရှိ အကြီးအကဲဟောင်း ဦးထွန်းလွင်က ပြောပါတယ်။

အဲဒီ ၁၂ ဆင့်မှာ သုညကနေ သုံး အထိက ကျန်းမာရေးအတွက် လုံးဝ အန္တရယ် မရှိဘူး လေးကနေ ခုနှစ် အထိ အတော်အသင့် အန္တရယ် ရှိတယ် ၊ ရှစ်နဲ့ အထက်ကို အန္တရယ် ရှိနိုင်တယ်လို့ သတ်မှတ်ကြောင်း သူက ရှင်းပြခဲ့ပါတယ်။

မြန်မာ နိုင်ငံမှာတော့ အခုလက်ရှိ ရန်ကုန်မြို့မှာတောင် ၁၃ လောက်ရှိပြီး ၁၂ လောက်ကတုန်း မှန်တန်း ရှိကြောင်း သူက ပြောပါတယ်။

၁၂ အထက် ဆိုရင် Extreme Level လို့ခေါ်ပြီး အလွန် အကျွံ အန္တရယ် ရှိတယ်လို့ ဆိုနိုင်ကြောင်း ၊ အခုဆိုရင် ရန်ကုန်မြို့တွင်သာမက ကချင်ကလွဲလို့ တနိုင်ငံလုံးမှာ ခရမ်းလွန် ရောင်ခြည် အန္တရယ် ရှိတဲ့ အနေထားမှာ ကျရောက်နေတယ်လို့ သူက ဆိုပါတယ်။

WHO က ထုတ်ပြန်ချက် အရ အဆင့် ၈ ကနေ ၉ အထိ ဆိုရင်တောင် ဖြစ်နိုင်တဲ့ ကျန်းမာရေး အန္တရယ်တွေက နေလောင် ၊ အရွယ်ကျ ၊ အရေပြားရှုံ ၊ တွန့် ၊ မျက်စိတိမ်စွဲ ၊ ခုခံအားကျဆင်းပြီး သားသမီး မရနိုင်တဲ့ အပြင် အရေပြား ကင်ဆာပါ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

လူထု အနေနဲ့ ကိုယ်နေထိုင်ရာ ဒေသ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်းကို သိဖို့ လိုဖို့ မွန်းတည့်ချိန်မှာ အဆိုးရွားဆုံးဘဲလို့ သိရပါတယ်။

ဒီအန္တရယ်တွေက ကာကွယ်ချင်ရင် မနက် ၁၀ နာရီကနေ ၂ နာရီ အတွင်း အပြင်မထွက်ဖို့ ၊ မဖြစ်မနေ ထွက်ရမယ် ဆိုရင်လည်း ကြာကြာ မနေဖို့နဲ့ သွားတဲ့ အခါ ကာကွယ်တဲ့ အနေနဲ့ အနားဝိုင်းကျယ် ပါတဲ့ ဦးထုပ် ၊ ခမောက်ဆောင်းပါ ၊ ရောင်ခြည်ကာ မျက်မှန် တပ်ပါ ၊ အသားအရည်ကို အဝတ်တွေနဲ့ လုံလုံ ခြုံခြုံ ဖုံးဖိ ဝတ်စားပြီး ထွက်ပါ ၊ ထီးဆောင်ပါ ၊ အရေပြား အေးစေတဲ့ လိမ်းဆေး လိမ်းပါလို့ မိုးဇလ ဝန်ထမ်းဟောင်း ဦးထွန်းလွင်က မှာကြားသွားခဲ့ပါတယ်။