မြန်မာတရုတ် ၂နိုင်ငံ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ဖို့

  • 6 ဧပြီ 2013
china myanmar
Image caption ဘက်စုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ သဘောတူကြ

တရုတ်နိုင်ငံ ကို ရောက် နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ တရုတ် သမ္မတ ရှီကျင့်ပင်း တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ၂ နိုင်ငံ ကြား ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ သဘောတူ လိုက်ကြပါတယ်။

၂၀၁၁ ကတည်းက သေနင်္ဂဗျူဟာမြောက် မဟာမိတ် နိုင်ငံ တွေ ဖြစ်ကြတဲ့ ၂ နိုင်ငံ ကြား စီးပွားရေး ပူးပေါင်းဆောင်ရွက် တာကို တိုးမြှင့် ဖို့ အပါအဝင် ဘက်စုံ ပူးပေါင်းဆောင်ရွက် ကြမှာ ပါ။

အရင် အချိန်ကာလ က မြန်မာ ဟာ တရုတ် နဲ့ နီးကပ်စွာ ဆက်ဆံ ခဲ့ပြီး အခုအချိန်ကာလ မှာတော့ မြန်မာ က တရုတ် အပြင် အမေရိကန် နိုင်ငံ နဲ့ ပါ ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက် နေတဲ့ အပေါ် တရုတ် ကလည်း မြန်မာ ကို အရင် ကထက် ဂရုထား နေပါတယ်။

ဒါကြောင့်မို့ အခုတခေါက် သမ္မတ ဦးသိန်းစိန် အလာ ကို ထူးခြားတဲ့ ကြိုဆိုမှု တွေ လုပ်ခဲ့တဲ့ အကြောင်း မြန်မာ့အရေး လေ့လာသူ ဦးအောင်ကျော်ဇော က ဆိုပါတယ်။

မြစ်ဆုံစီမံကိန်း ကို ရပ်ဆိုင်းလိုက်တာ အပါအဝင် လက်ပံတောင်း ကြေးနီ စီမံကိန်း ဆန့်ကျင်ပွဲတွေ လိုမျိုး ကိစ္စတွေ ကို ကြုံခဲ့ရပြီးတဲ့နောက် တရုတ် က သူတို့ မြန်မာပြည်နဲ့ ချုပ်ဆိုထားတဲ့ စီးပွားရေး စာချုပ် တွေ အပေါ် မြန်မာ အစိုးရ ရဲ့ အာမခံချက် ကို အရေးတကြီး လိုနေတယ် လို့လည်း သူ က သုံးသပ်ပါတယ်။

တရုတ်နိုင်ငံ ဟာ သူ့ရဲ့ ရေနံ စွမ်းအင် သယ်ယူရာ လမ်းကြောင်း အဖြစ် အရေးထား ရသလို သူ့ စီးပွားရေး လည်ပတ် နေအောင် လိုအပ်တဲ့ ကုန်ကြမ်း ပစ္စည်း တွေ ဖြစ်တဲ့ သတ္တု ကုန်ကြမ်းလို ကုန်တွေ ကို လည်း မြန်မာ ပြည်က ရလို ပါတယ်။

အဲဒီလို သဘာဝ အရင်းအမြစ် ထုတ်ယူ ဖို့ အတွက်သာ မြန်မာကို စိတ်ဝင်စားမယ်ဆိုရင်တော့ မြန်မာပြည် သူတွေ အတွက် သိပ်အကျိုးရှိမယ့် စီးပွားရေး ပူးပေါင်းဆောင်ရွက် တာမျိုး မဖြစ်နိုင်ဘူး၊ တရုတ် နိုင်ငံ အနေနဲ့ နည်းပညာ ပိုင်းဆိုင်ရာ ပေးတဲ့ လုပ်ငန်း တွေ မြန်မာပြည် မှာ ရင်းနှီးမြှုပ်နှံ ဖို့ လိုအပ်ကြောင်း နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကို ရှင်းလင်းမြင်သာ မှု ရှိအောင်လုပ်ဖို့ ဦးအောင်ကျော်ဇော က တိုက်တွန်း သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ