ကချင် အရေးမှာ အမေရိကန်ကို တရုတ် မလိုလား

  • 7 ဧပြီ 2013
Kachin Peace talks in Shweli
Image caption မတ်လဆန်းတုန်းက ကချင် အရေး ဆွေးနွေးပွဲကို ရွှေလီမှာ ပြုလုပ်ခဲ့

မြန်မာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီနဲ့ ကချင် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အိုတို့ ကြား ဆွေးနွေးမှုမှာ ကုလ သမဂ္ဂ၊ ဗြိတိန်နဲ့ အမေရိကန် တို့ ပါဝင် မှာကို တရုတ် အစိုးရက ကန့်ကွက် လိုက်ပါတယ်။

တရုတ် နိုင်ငံရဲ့ ဒီလို ကန့်ကွက်မှုကြောင့် ဧပြီလ ၆ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဆွေးနွေးပွဲ အစီ အစဉ်ကို ရွှေ့ဆိုင်း လိုက်ရ တာလို့လည်း ကချင် လူထု အခြေပြု အဖွဲ့အစည်း ၁၃ ခု ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာ ဖော်ပြထား ပြီး တရုတ်ရဲ့ ဝင်ရောက် စွက်ဖက်မှုကို ကန့်ကွက် ထားပါတယ်။

အဲဒီ ကြေညာချက် ထဲမှာ အမေရိကန်နဲ့ ဗြိတိန်တို့ ပါဝင်မယ် ဆိုရင် တရုတ် နိုင်ငံက ဆွေးနွေးပွဲမှာ ပါဝင် တော့မှာ မဟုတ်တဲ့ အပြင် သူတို့ မပါပဲ အမေရိကန် ဗြိတိန်တို့ ပါဝင်တဲ့ ဆွေးနွေးပွဲ ဆက်လုပ်ရင်လည်း ကန့်ကွက်မယ် လို့ ပြောတာကို ဖေါ်ပြထား ပါတယ်။

အဲဒီ ဆွေးနွေးမှုဟာ မြစ်ကြီးနား မြို့မှာ ပြုလုပ်ဖို့ စီစဉ် ထားတာမို့ ပထမဆုံး အကြိမ် မြန်မာ နိုင်ငံ အတွင်း ပြုလုပ်ဖို့ စီစဉ် ခဲ့တဲ့ ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က တရုတ် နိုင်ငံ ရွှေလီမြို့မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ တုန်းက ကုလသမဂ္ဂ၊ ဗြိတိန်နဲ့ အမေရိကန် အပြင် တရုတ် နိုင်ငံကိုပါ လေ့လာသူ အဖြစ်နဲ့ ဖိတ်ဖို့ သဘော တူခဲ့ ပြီးသားပါ။

တရုတ် နိုင်ငံ အနေနဲ့ တခြား ပြည်ပ နိုင်ငံတွေ ဆွေးနွေးပွဲကို ပါဝင်လာမှာ မလိုလားတာ သေချာတယ်လို့ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးဆန်းအောင်က ပြောပါတယ်။

နောက်တစ်ကြိမ် ဆွေးနွေးပွဲမှာ လည်း တရုတ် ဘက်က အလားတူ ကန့်ကွက်မယ် ဆိုရင် ဆွေးနွေးပွဲ ဖြစ်ဖို့ နှောင့်နှေး နိုင်လိမ့်မယ်လို့ ဦးဆန်းအောင်က ပြောပါတယ်။

ကြေညာချက် ထုတ်ပြန်တဲ့ အထဲမှာ ပါဝင်တဲ့ Kachin Legal Aid Network အဖွဲ့က ရှေ့နေ ဦးမာခါးကတော့ သူတပါး ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ဘူး ဆိုတဲ့ တရုတ် နိုင်ငံ အနေနဲ့ မြန်မာ နိုင်ငံ နယ်နိမိတ် အတွင်း ကျင်းပမယ့် ဆွေးနွေးပွဲကို ဝင်ရောက် ကန့်ကွက်မှုမျိုး မလုပ်သင့် ဘူးလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ