ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ သမိုင်း

  • 8 ဧပြီ 2013
thatcher_
Image caption ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း မာဂရက် သက်ချာ

မနေ့က ကွယ်လွန်သွားခဲ့တဲ့ ဗြိတိန် နိုင်ငံရဲ့ ပထမဆုံးနဲ့ တဦးတည်းသော အမျိုးသမီး ဝန်ကြီးချုပ် မာဂရက် သက်ချာ ရဲ့ ဝန်ကြီးချုပ် သက်တမ်းကို ပြန်လည် သုံးသပ်မယ် ဆိုရင် ၁၉၇၉ ခုနှစ်မှာ ဗြိတိန် နိုင်ငံရေး သမိုင်း တကွေ့ ချိုးခဲ့တယ်လို့ ဆိုရမှာပါ။

အဲဒီ နှစ် ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ် ပါတီ နိုင်လို့ ပါတီခေါင်းဆောင် မာဂရက် သက်ချာ ဗြိတိန် ရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

အဲဒီတုန်းက မစ္စစ် သက်ချာရဲ့ ရည်မှန်းချက်က သူ့သက်တမ်း အတွင်းမှာ တိုင်းပြည်ရဲ့ ဘဏ္ဍာရေး အခြေအနေ တွေကို ပြန်လည် ပြုပြင်ဖို့နဲ့ လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေး စနစ်ကို အားပေးဖို့ ဖြစ်ပါတယ်။

ငွေကြေး ဈေးကွက်နဲ့ ပတ်သက်လို့ မူဝါဒ အသစ် တွေချပြီး ဆောင်ရွက်ခဲ့လို့ လန်ဒန်မြို့ဟာ ကမ္ဘာ့ ငွေကြေး ဈေးကွက်ရဲ့ အချက်အချာ ဖြစ် လာ ခဲ့ပါတယ်။

၁၉၈၁ ခုနှစ် ဧပြီလမှာတော့ ဗြိတိန်ပိုင် ဖော်ကလန် ကျွန်းကို အာဂျင်တီးနား က သိမ်းယူလိုက်တဲ့ အခါမှာတော့ ရုရှ သတင်းစာ တစောင်က သံမဏိ အမျိုးသမီး လို့ တင်စား ခဲ့ရတဲ့ မစ္စစ် သက်ချာ ဟာ ချက်ချင်း ဆိုသလို ရေတပ်ကြီး ဖွဲ့ပြီး ဖော်ကလန်ကို လွှတ်လိုက်ပါတယ်။

ဇွန်လမှာ ဖော်ကလန် ကို ပြန်ရလိုက်တဲ့ နောက်မှာ လူကြိုက်အလွန်များခဲ့ပြီး ၁၉၈၃ ရွေးကောက်ပွဲမှာတော့ အကြီးအကျယ် နိုင်သွားပါတော့တယ်။

တဘက်မှာ မစ္စစ်သက်ချာဟာ သူမရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ ဗြိတိန် နိုင်ငံကို ကမ္ဘာ့ ဇာတ်ခုံမှာ ဩဇာတိက္ကမ ရှိအောင် ပြန်လည် ဆွဲတင် နိုင်ခဲ့ပါတယ်။ အဲဒီ အချိန်က အမေရိကန် သမ္မတ ဖြစ်တဲ့ ရော်နယ်လ် ရေဂင်နဲ့ သူတို့ အတွဲအဖက် ညီခဲ့ကြ လွန်းလို့ စိတ်တူကိုယ်မျှ အဖော်ကောင်းတွေ လို့တောင် တင်စား ခဲ့ကြ ရပါတယ်။

အမေရိကန်နဲ့ သာမက သူကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် ဖြစ်စမှာ အကြီးအကျယ် ဝေဖန်ခဲ့တဲ့ ဆိုဗီယက် ယူနီယံရဲ့ ခေါင်းဆောင် မီခိုင်းလ် ဂိုဗာချော့ဗ် ကိုပါ မဟာမိတ် တယောက်လို ဆက်ဆံ နိုင်ခဲ့တာကို ကြည့်ရင် မစ္စစ် သက်ချာရဲ့ ကမ္ဘာ့ နိုင်ငံရေးမှာ ကျွမ်းကျင်ပုံတွေကို မြင်နိုင်ပါတယ်။

၁၉၈၇ ခုနှစ်မှာ တတိယ သက်တမ်း အရွေးခံရပြီးတဲ့ နောက်ပိုင်း ရောမမှာ ကျင်းပ ခဲ့တဲ့ ယူရို ထိပ်သီး ညီလာခံမှာ ဥရောပရဲ့ ဩဇာကို ထပ်မတိုးလာဖို့ လက်မခံ ခဲ့ရာက စလို့ သူ့ရဲ့ ပါတီတွင်းမှာ မကျေနပ်သံတွေ စခဲ့ပြီးနောက် ပါတီ ခေါင်းဆောင် နေရာကို စိန်ခေါ်မှုတွေကို စတင် ရင်ဆိုင် ခဲ့ရပြီး ၁၉၉ဝ မှာ ရာထူးက ဆင်းပေးခဲ့ ရာက ၁၉၉၂ မှာတော့ နိုင်ငံရေး လောက ကပါ အနားယူ သွားခဲ့ပါတယ်။

နိုင်ငံရေး လောကက အနားယူခဲ့ပြီး ၂၁ နှစ် အကြာမှာတော့ ဘာရွန်နက်စ် မာဂရက် ဟေလ်ဒါ သက်ချာခေါ်တဲ့ သံမဏိ လေဒီ၊ ၂၀ ရာစု အတွင်း အပြောင်မြောက်ဆုံး အမျိုးသမီး ခေါင်းဆောင် ဖြစ်တဲ့ မစ္စစ် သက်ချာဟာ အသက် ၈၇ နှစ် အရွယ်မှာ လူ့လောက ကပါ အနားယူ သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ