ရွေးကောက်ပုံ စနစ် ပြောင်းရေး ဆွေးနွေး

  • 9 ဧပြီ 2013
NLD
Image caption ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ပါတီ အပြတ် အသတ် နိုင်ခဲ့

နေပြည်တော်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေး ပါတီ ၅၃ ခု တို့ တနင်္လာနေ့က တွေ့ဆုံပွဲမှာ ပါတီ တချို့ တင်ပြ ထားတဲ့ အချိုးကျ ကိုယ်စားပြု ရွေးကောက် တင်မြှောက်တဲ့ စနစ် PR စနစ်ကို လွှတ်တော်ရဲ့ အဆုံးအဖြတ် ခံယူဖို့ မကြာခင် တင်ပြ သွားမယ်လို့ ကော်မရှင် ဥက္ကဌက ပြောလိုက် ပါတယ်၊

PR စနစ် ဆိုတာက ရွေးကောက်ပွဲမှာ မဲ အများဆုံး ရသူက လုံးဝ အနိုင်ရသွားတာ မဟုတ်ဘဲ ပါတီ တစ်ခုချင်းစီရဲ့ မဲ ရရှိမှု အရေ အတွက်ကို လိုက်ပြီး အချိုးကျ ကိုယ်စားလှယ်လောင်း ရရှိတဲ့ စနစ် ဖြစ်ပါတယ်။ PR စနစ်ကို ကျင့်သုံးရင် ပါတီ တစ်ခုထဲ မဲ အပြတ် အသတ် အနိုင် ရဖို့ထက် ပါတီ အများမှာ မဲတွေ ပြန့်သွားဖို့ ဖြစ်နိုင်ချေ ရှိပါတယ်။

ဒီစနစ်ကို တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီနဲ့ ဒီမိုကရက်တစ် ပါတီ(မြန်မာ)တို့က တနင်္လာ နေ့က ဆွေးနွေးပွဲမှာ ထောက်ခံ ဆွေးနွေး ခဲ့ကြပါတယ်။

အန်အယ်လ်ဒီ ပါတီ နဲ့ တိုင်းရင်းသား ပါတီ တချို့ကတော့ ဒီစနစ်ကို သဘော မတူကြ ပါဘူး။

ပါတီငယ်တွေ ကိုယ်စားပြုခွင့် ရဖို့နဲ့ အရင်က အတွေ့ အကြုံတွေ အရ PR စနစ်ကို ကျင့်သုံး သင့်တယ်လို့ PR စနစ်ကို တစိုက်မတ်မတ် ထောက်ခံတဲ့ NDF ပါတီရဲ့ အတွင်းရေးမှူး ၁ ဦးကြည်သန့်က ပြောပါတယ်။ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ တုန်းက ပါတီ တစ်ခု အပြတ် အသတ် အနိုင် ရခဲ့ပေမဲ့ ရလဒ် အချည်းနှီး ဖြစ်ခဲ့တာ ကို သူက ဥပမာပေး ပြောခဲ့ ပါတယ်။

ပြီးခဲ့တဲ့ နှစ်က ပြုလုပ်ခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အပြတ် အသတ် အနိုင် ရခဲ့တာကို ကြည့်ရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း အနိုင်ရနိုင်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ဒါကြောင့် NLD အပြတ် အသတ် အနိုင်ရ လာရင် တကြော့ပြန် အာဏာသိမ်းမှု ပြန်ဖြစ်လာမလား လို့လည်း စိုးရိမ် မှုတွေ ရှိနေကြ ပါတယ်။

ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ NLD ပါတီက ဗဟို ကော်မီတီဝင် ဦးဝင်းမြင့်က တော့ နှစ်ပေါင်း များစွာ မဲ အနိုင်အရှုံးနဲ့ ဆုံးဖြတ်လာတဲ့ စနစ် ကျင့်သားရနေတာတောင် ပြည်သူတွေကို ဆန္ဒမဲ ပေးဖို့နဲ့ ပတ်သက်ပြီး ပညာပေးဖို့ လိုနေ သေးတယ်လို့ ကော်မရှင် ဥက္ကဌက ပြောတဲ့ အတွက် မြန်မာ နိုင်ငံမှာ PR စနစ် ကျင့်သုံးဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောပါတယ်။

နိုင်ငံရေး ဘောဂ ဗေဒ နဲ့ PR စနစ် အကြောင်း စာအုပ်တွေ ရေးသားလေ့ ရှိတဲ့ စာရေးဆရာ ဦးကျော်ဝင်းက လည်း ရွေးကောက်ပွဲ စနစ်တိုင်းမှာ အကောင်းနဲ့ အဆိုး ဆိုတာ ရှိတယ်လို့ ပြောပါတယ်။

PR စနစ်နဲ့ ဆိုရင် ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ပိုခက် သွားလိမ့်မယ်လို့ လည်း သူက ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ