သင်္ကြန် လုံခြုံရေး ကြိုတင်ပြင်ဆင်

  • 9 ဧပြီ 2013
bbc_thingyan_3
Image caption ရန်ကုန် သင်္ကြန် လုံခြုံမှုရှိရေး စတင်ဆောင်ရွက်

မကြာခင် က ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက် မှု တွေကြောင့် ရန်ကုန် သင်္ကြန်ရက် အတွင်း လုံခြုံရေး နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှု တွေ တိုးပွား နေပြီး တခြားနှစ်တွေ ထက် လုံခြုံရေး တင်းကျပ်မယ် လို့ ကြားရပါတယ်။

ရန်ကုန်တိုင်း လုံခြုံရေး နဲ့ နယ်စပ်ရေးရာ ယာယီ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက သင်္ကြန် ရေကစား မဏ္ဍပ်တွေ ကိုပါ လုံခြုံရေး အဖွဲ့တွေ ဖွဲ့ထား စေခြင်း၊ မြို့နယ် ရဲတပ်ဖွဲ့တွေ နဲ့ အုပ်ချုပ်ရေး ပိုင်း အာဏာပိုင် တွေနဲ့ ပေါင်းစပ်ပြီး မဏ္ဍပ် တွေရဲ့ မနီးမဝေးမှာ မြို့နယ် အလိုက် တာဝန်ယူဖို့ ရှိပုံတွေ ဘီဘီစီ ကို ပြောပါတယ်။

ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေ မကြာခင်က ဖြစ်ပွားခဲ့တဲ့ အတွက် ငရဲမီး နဲ့ ပက်မယ်ဆိုတဲ့ ကောလဟလ သတင်းတွေ ကြောင့် ဘာသာရေး အဖွဲ့အစည်း တွေနဲ့ ပါ တွေ့ဆုံ ဆွေးနွေးမှု တွေ ပြုထားပြီး ဟာကွက် မရှိအောင် ဆောင်ရွက် ထားတယ် လို့ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ရှင်းပြပါတယ်။

အထူးသဖြင့် ရန်ကုန်မြို့ မှာ အဖြစ်မခံ နိုင်တဲ့ အတွက် လှည့်ကင်းတွေ ချထားမှာ ဖြစ်သလို ချက်ချင်း အရေးယူ နိုင်ဖို့ သင်္ကြန်ရက် အတွင်း တရားရုံးတွေ ဖွင့်ဖို့ ရှိကြောင်းလဲ ဆိုပါတယ်။

မန္တလေးမြို့ မှာလဲ လုံခြုံရေး အရ အရောင်းဆိုင် တွေ အားလုံး ည ၁ဝ နာရီ ပိတ်စေပြီး ပြီးခဲ့တဲ့ ၁ဝ ရက်ကတည်းက စစ်တပ်၊ ရဲအဖွဲ့ နဲ့ ရပ်ကွက် လူထုပါ လုံခြုံရေး ယူထားကြရာမှာ မွတ်စလင်တွေ နေတဲ့ ရပ်ကွက်တွေ မှာ သင်္ကြန်ရက် မတိုင်မီ ကတည်းက ကင်းစောင့်မှု ရှိကြောင်း မန္တလေးမြို့ခံ က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ