ထိုင်းရောက် မြန်မာတွေကို အလုပ်လုပ်ခွင့် လက်မှတ် ထုတ်ပေးတော့မယ်

  • 11 ဧပြီ 2013
Image caption ထိုင်းနိုင်ငံက ပြည်ပ အလုပ်သမားတွေ

ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ အလုပ်လုပ်နေတဲ့ မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေကို နိုင်ငံကူး လက်မှတ် အပါအဝင် အလုပ်လုပ်ခွင့် လက်မှတ်တွေ ထုတ်ပေးဖို့ နောက်ထပ် ရက်ပေါင်း ၁၂ဝ ဖြစ်တဲ့ ၄ လ အတွင်း လုပ်ဆောင်ပေးဖို့ ထိုင်းအစိုးရ ဝန်ကြီးများ အစည်းအဝေးက အင်္ဂါနေ့တုန်းက အတည်ပြုပေး လိုက်ပါတယ်။

မြန်မာအများစုဖြစ်တဲ့ ထိုင်းနိုင်ငံရောက် အလုပ်သမားတွေ အနေနဲ့ ယာယီ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်ခွင့် လက်မှတ်တွေ ရယူဖို့အတွက် နာမည်စာရင်း ပေးသွင်းရမယ့်ရက်က ရုံးဖွင့်ရက်ဖြစ်တဲ့ အခုလ ၁၁ ရက်နေ့က နောက်ဆုံးနေ့ဖြစ်ပါတယ်။

ဝန်ကြီးများအစည်းအဝေးက အတည်ပြုတာက နာမယ်စာရင်း ပေးသွင်းဖို့ ရက်တိုးတာ မဟုတ်ဘဲ ရုံးလုပ်ငန်း လုပ်ကိုင်ဖို့ အတွက် ရက်တိုးတာ ဖြစ်တယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပရာ့ဝိတ် ခီးယန်းဖွန်က ပြောပါတယ်။

ဝန်ကြီးများ အစည်းအဝေးက သက်တမ်းတိုးပေးတာက နိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့နဲ့ အလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးဖို့ အတွက် နာမည် စာရင်းသွင်းပြီးသား သူတွေကို ဆက်လုပ်ပေးရဦးမှာ ဖြစ်တဲ့ အတွက်ကြောင့် ရုံးတွေဖွင့်ပြီး ရက်ပေါင်း ၁၂ဝ ဆက်လုပ်ပေးဖို့ ဝန်ကြီးများ အစည်းအဝေးက အတည်ပြုပေးတာ ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွင်း နာမည်စာရင်း ပေးထားတဲ့ အလုပ်သမား ၃ သိန်း ကျော်ရှိပြီး ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ အလုပ်သမား ၁ သန်း လောက်ရှိမယ်လို့ ခန့်မှန်းတဲ့အတွက် မှတ်ပုံတင်တဲ့ အရေအတွက် နည်း နေတာကို တွေ့ရသလို ဒါဟာ ကုန်ကျစရိတ် များတဲ့ အတွက်ကြောင့် မှတ်ပုံ မတင်နိုင်ကြတာ ဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် ကုန်ကျစရိတ်ထက် အလုပ်ရှင်မရှိတဲ့ ပြဿနာတွေကိုလည်း ကြားနေရတယ်လို့ အလုပ်သမား ၊ အလုပ်အကိုင်နဲ့ လူမှု ဖူလံရေး ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် ဘီဘီစီကို ရှင်းပြခဲ့ပါတယ်။

အလုပ်သမားတွေနဲ့ မှီခိုနေတဲ့ အသက် ၁၅ နှစ်အောက် သားသမီးနဲ့ သက်ကြီးရွယ်အို မိဘတွေကို အထောက်အထား ထုတ်ပေးဖို့ အတွက်က ဗီဇာကြေး သက်သာအောင် ထိုင်းအစိုးရနဲ့ ညှိနှိုင်းနေတုန်းဘဲလို့ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ