ရခိုင်က ဒုက္ခသည် တွေကို မိုးမကျခင် အိမ်ဆောက် ပေးမယ်

  • 10 ဧပြီ 2013
Valerie Amos in Rakhine
Image caption လူသားချင်း စာနာမှု ဆိုင်ရာ ကုလ မဟာ မင်းကြီး မနှစ် နှစ်ကုန်ပိုင်းက ရခိုင် ပြည်နယ် သွားခဲ့

ရခိုင် ပြည်နယ်က ဒုက္ခသည် ၁ သိန်းကျော်ကို မိုး မကျခင် အမိုး အကာ နေအိမ် အဆောက် အဦ အောက် ရောက်အောင် လုပ်ဆောင်ဖို့နဲ့ စိုက်ပျိုးရေးသုံး ကိရိယာနဲ့ ငါးဖမ်း ကိရိယာ တွေ ကူညီ ဆောင်ရွက်ပေးဖို့ သမ္မတ ဦးသိန်းစိန်က သမ္မတ အိမ်တော်မှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေး အကောင် အထည်ဖေါ်ဆောင်ရေး ကော်မီတီ အစည်း အဝေးမှာ ပြောခဲ့ပါတယ်။

မိုးမကျခင် ဒုက္ခသည် တွေ နေအိမ်တွေမှာ နေနိုင်အောင် လုပ်ဆောင် ပေးဖို့အတွက် တနင်္လာနေ့ ကပဲ ဝန်ကြီး တချို့နဲ့ ကုလ သမဂ္ဂ အပါအဝင် သံတမန် တချို့က ရခိုင်ပြည်နယ် ကို သွားရောက် လေ့လာခဲ့ ပါတယ်။

အမေရိကန် နဲ့ ဗြိတိန် သံရုံးက သံတမန်တွေ၊ UNHCR ကုလ သမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီက ကျွမ်းကျင် သူတွေ လိုက်ပါသွားတဲ့ အဖွဲ့က အဆောက် အဦတွေ ဆောက်လုပ် ပေးနိုင်မယ့် နေရာ သုံးလေး နေရာကို သွားကြည့် ခဲ့ကြပြီး ပေးနိုင်မယ့် အကူအညီတွေ အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ အဲဒီ ခရီးစဉ်မှာ ပါသွားတဲ့ ငြိမ်းချမ်းရေး စင်တာက ဦးအောင်နိုင်ဦးက ပြောပါတယ်။

အဲဒီ ခရီးမှာ လိုက်ပါ သွားခဲ့ကြသူတွေ အားလုံး ကျေနပ်မှု ရှိပြီး အစိုးရ ဘက်ကလည်း လိုက်လျော မှုတွေ ရှိတာ တွေ့ရ တယ်လို့ သူက ပြောပါတယ်။

အတူ ပြန်လည် နေထိုင်နိုင်ရေး နဲ့ ပတ်သက်လို့တော့ အရပ်သား တွေရော၊ ခေါင်းဆောင်တွေကပါ ကြိုးပမ်း လုပ်ဆောင်ကြဖို့ လိုအပ်ပြီး အချိန်တော့ ယူရ လိမ့်မယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

မွတ်ဆလင် ဒုက္ခသည်တွေကို အိမ်ဆောက် ပေးတဲ့ ကိစ္စမှာ နိုင်ငံသား စိစစ်ရေးကို အရင် လုပ်ပြီးမှ အိမ်ဆောက် ပေးသင့်တယ်လို့ ရခိုင် တိုင်းရင်းသား တွေဘက်က ပြောဆို ကန့်ကွက် ခဲ့ကြ ပေမဲ့ လောလောဆယ်မှာ မိုးကျ တော့မှာမို့ ဒုက္ခသည်တွေ အတွက် နေအိမ် ဆောက်ပေးဖို့ မဖြစ် မနေ လိုအပ်နေတယ်၊ နောက်ပိုင်း မှသာ လုံခြုံရေး ဆိုင်ရာ အရေး တွေကို ကိုင်တွယ် ဖြေရှင်းရမယ့် အခြေ အနေ ရှိတယ်လို့ လည်း ဦးအောင်နိုင်ဦးက ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ