မိတ္ထီလာ ဒုက္ခသည် တွေ အိမ်ပြန်နိုင်ဖို့ နီးနေပြီလား

  • 10 ဧပြီ 2013
meiktila
Image caption အဓိကရုဏ်းအတွင်း အိမ်များ မီးရှို့ခံခဲ့ရ

ကုလသမဂ္ဂ ဆိုင်ရာ လူသားချင်း ကူညီ စောင့်ရှောက်မှုရေးရာ ညှိနှိုင်း ဆောင်ရွက် ပေးရေး အဖွဲ့ UN OCHA က မိတ္ထီလာ က ဒုက္ခသည် တွေ ရဲ့ အခုလက်ရှိ အခြေအနေ တွေ ကို ထုတ်ပြန် ကြေညာခဲ့ ပါတယ်။

အစီရင်ခံစာ ထုတ်ခဲ့ တဲ့ UN OCHA က မြန်မာနိုင်ငံ ဆိုင်ရာ ဒါရိုက်တာ Ms Barbara Manzi က မိတ္ထီလာ က ဒုက္ခသည် စခန်းတွေ ရှိရာ ကို ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း က သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေ အနေနဲ့ ထိတ်လန့် စိုးရိမ်မှုတွေ ရှိနေဆဲ ဖြစ်နေတာ ကို သတိထားမိ ကြောင်းနဲ့ အစိုးရ ပိုင်းအနေ နဲ့ က လည်း လူမှု အဖွဲ့အစည်း ၂ ခု အကြား ပြန်ပြီး ရင်းနှီးချစ်ကြည်မှု ပြန်လည် တည်ဆောက် နိုင်ဖို့အတွက် အရေးတကြီး လုပ်ငန်း တခု အဖြစ် ဦးစားပေး လုပ်ဆောင် နေကြောင်း ဘီဘီစီ ကို ပြောပါတယ်။

အစိုးရ က ထုတ်ပြန်တဲ့ စာရင်း ဇယားတွေ အရ စခန်းတွေ အဖြစ် ဖွင့်လှစ် ထားတဲ့ နေရာတွေ မှာ ရှိနေတဲ့ ဒုက္ခသည်ပေါင်း ၈၄၀၀ ကျော်ရှိပြီး တချို့ သတင်းတွေ အရ တခြားနေရာတွေ မှာ ခိုလှုံနေရတဲ့ ဒုက္ခသည် နောက်ထပ် ၃၀၀၀ ကျော် ရှိကြောင်း အဲဒီ အစီရင်ခံစာ အရ သိရပါတယ်။

စခန်းပြင်ပ မှာရှိနေတဲ့ ဒုက္ခသည် တွေ အရေအတွက် ကိုတော့ UN OCHA က စိစစ် နေဆဲ ပဲလို့ Ms Manzi က ပြောပါတယ်။

အိုးအိမ် ပျက်စီး သွားတဲ့ နေရာ တွေ ကို တော့ ရှင်းလင်းတာ တွေ စလုပ်နေ ပြီး အိုးအိမ်တွေ ပြန်လည် တည်ဆောက်ရေး ကို ရန်ပုံငွေ တွေ အဆင်ပြေရင် စနိုင်မယ် လို့ မျှော်လင့်ထား ကြောင်း သူ က ပြော ပါတယ်။

သူတို့အိမ်တွေ ဆီ သူတို့ ပြန်နိုင်ဖို့ တဘက်နဲ့တဘက် အရင် ယုံကြည်မှု တည်ဆောက်ဖို့ လိုတယ်၊ အဲဒီအတွက်အချိန် ပေးကောင်း ပေးရနိုင်ပါတယ် လို့လည်း သူ က ဆိုပြီး သူတို့ တွေကို မူရင်း နေရာ တွေ မှာ ပဲ ပြန်လည် နေထိုင်ခွင့် ရမှာ လားဆိုတဲ့ အမေး ကို တော့ မြန်မာအစိုးရ ဘက် က သူတို့ရဲ့ မူရင်း နေရာတွေ မှာ ပဲ ပြန်လည် နေရာချပေး ဖို့ ဆန္ဒရှိတယ် လို့ သိထားရ ကြောင်း သူ က ပြောပြပါတယ်။