ဗလီကျောင်းမီးလောင်မှု ဆရာနှစ်ဦးကို အရေးယူမယ်

Rangoon Mosque
Image caption ဗလီကျောင်းမီးလောင်မှုမှာ ၁၃ ဦး သေဆုံးခဲ့

ရန်ကုန် ၄၈ လမ်းမှာ ဧပြီလ ၂ ရက်က ဗလီကျောင်း မီးလောင်မှုမှာ ဗလီဆရာနှစ်ဦးရဲ့ ပေါ့လျော့မှုကြောင့်သာ ဖြစ်ရတယ်လို့ ရန်ကုန်တိုင်းအစိုးရက ဖွဲ့ပေးထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိပါတယ်။

စုံစမ်းရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဧပြီလ ၁၀ ရက်နေ့က သတင်းထောက်တွေကို တွေ့ဆုံ ရှင်းလင်းခဲ့ပါတယ်။

ဒီမီးလောင်မှုကြောင့် ဗလီကျောင်းမှာ ရှိကြတဲ့ ဆယ်ကျော်သက် လူငယ် ၁၃ ဦး သေဆုံးခဲ့ပါတယ်။

ဗလီကျောင်းမှာ အသက်ရှင် ကျန်ရစ်တဲ့ ကျောင်းသားတွေကလည်း မီးက အပြင်ဘက်က လာတာ မဟုတ်ပဲ အတွင်းမှာပဲ ဖြစ်တယ်လို့ သက်သေ ထွက်ကြကြောင်း၊ အစ္စလာမ် ဘာသာရေး အဖွဲ့ ငါးဖွဲ့ကလည်း စုံစမ်းရေးအဖွဲ့ရဲ့ တွေ့ရှိချက်ကို သဘောတူ လက်ခံကြောင်း မြန်မာ နိုင်ငံလုံး ဆိုင်ရာ မော်လဝီအဖွဲ့ချုပ်က အတွင်းရေးမှူးချုပ် စာရေးဆရာ ဦးကျော်စိုးက ပြောပါတယ်။

ဗလီဆရာနှစ်ဦးကို ဥပဒေအရ အရေးယူတဲ့အခါမှာ လျော့လျော့ပေါ့ပေါ့ စဉ်းစားပေးဖို့ အစ္စလာမ် အဖွဲ့ ငါးဖွဲ့က ပန်ကြား ထားကြောင်းလည်း သူက ပြောပါတယ်။

ဗလီကျောင်း ပြန်လည် ပြင်ဆင်ခွင့်ကိုတော့ ဝန်ကြီးချုပ် ဦးမြင့်ဆွေက ကြိုးစား ဆောင်ရွက် ပေးမယ်လို့ ပြောကြောင်း ဦးကျော်စိုးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ