မိတ္ထီလာ အရေး ရိုက်တာ အစီရင်ခံစာထွက်

  • 11 ဧပြီ 2013
Meikhtila
Image caption မိတ္ထီလာက တိုက်ခိုက်မှုတွေ အစပိုင်းမှာ ရဲတွေ မတားလို့ ပျက်စီးမှု များတာလို့ ပြောဆို မှုတွေ ရှိနေ

မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ရိုက်တာ သတင်းဌာနက သက်သေ အယောက် ၃၀ ကို မေးမြန်းပြီး ရခဲ့တဲ့ တွေ့ရှိချက် ကို ဧပြီ ဂ ရက်နေ့က အထူး အစီအရင်ခံစာ ရေးသား ထုတ်ပြန်ခဲ့ ပါတယ်။

အဲဒီ အထဲမှာ သံဃာ တွေက လူအုပ်ကြီးကို ဦးဆောင်ခဲ့ သလို ရဲတွေ ကလည်း သတ်ဖြတ်မှု တွေကို မဟန့်တား နိုင်ဘူးလို့ ရေးထား ပါတယ်။

ဒါ့အပြင် ဒီပြဿနာမှာ လူပေါင်း ၄၂ ယောက်ကို ဖမ်းဆီး ထားတယ်လို့ ပြောပေမယ့် လှုံ့ဆော်မှုတွေ ဆက်ဖြစ်နေ တဲ့ အပြင် ပဋိပက္ခ ဖြစ်စေ နိုင်တဲ့ အရေးအသားတွေကို ဖမ်းဆီး ဟန့်တားတာ မရှိဘူး လို့လည်း စွပ်စွဲ ပါတယ်။

ဒီအစီရင် ခံစာမှာ ပြောထားတဲ့ သတ်ဖြတ်မှု တွေကို ရဲတွေက မဟန့်တားနိုင်ဘူး ဆိုတာနဲ့ ပတ်သက်လို့ NLD မိတ္ထီလာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦး၀င်းထိန်က တော့ ရိုက်တာ အနေနဲ့ သူတို့ တွေ့မြင်တာ တွေကို ရေးထားတာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

အခင်း ဖြစ်ခဲ့ချိန်က လိုအပ်တဲ့ ကူညီ ဆောင်ရွက်မှုတွေ ပေးဖို့ မိတ္ထီလာ ကို ရောက်နေတဲ့ ဦးဝင်းထိန်က မတ်လ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တုန်းက ဆူပူ တိုက်ခိုက်မှု တွေကို ရဲတွေက ဘာမှ တားဆီးမှု မရှိခဲ့တာ သူကိုယ်တိုင် မြင်ခဲ့ ရတယ်၊ အဲဒီ နှစ်ရက်က အသေ အပျောက်တွေ များခဲ့တာဟာ ရဲတွေက ဘယ်လိုမှ အရေးမယူလို့ ဖြစ်တယ်လို့ ပြောပါတယ်။

မိတ္ထီလာ အရေးကိစ္စမှာ လှုံဆော်မှုတွေကြောင့် ဆိုတာထက် မွတ်ဆလင် ဘက်ကရော၊ ဗုဒ္ဓဘာသာတွေ ဘက်ကပါ ဒေါသ အလျောက် လုပ်ဆောင်ကြတာ ဖြစ်တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

မိတ္ထီလာ ဖြစ်ရပ် တစ်ခုလုံးမှာ အစိုးရ အာဏာပိုင်တွေ တာဝန်ရှိတယ် လို့ ရိုက်တာ သတင်း ဌာနရဲ့ နောက်ဆုံး ထွက်လာတဲ့ အစီရင်ခံစာ မှာ စွပ်စွဲမှုနဲ့ ပတ်သက်လို့တော့ ဒါတွေဟာ အခြေ အမြစ် မရှိဘူးလို့ မပြောလိုပေမယ့် သူ့ အနေနဲ့ အထောက် အထားတော့ မတွေ့ဘူးလို့ ဦးဝင်းထိန်က ပြောပါတယ်။

မိတ္ထီလာ အရေးမှာ အစိုးရဘက်က ပါဝင် ပတ်သက်တယ် ဆိုတဲ့ ပြောဆိုမှုတွေ အပေါ် မြန်မာ အစိုးရ ဘက်က ပယ်ချ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ