မန္တလေးမြို့မှာ တနေ့တည်း မီးလောင်မှု နှစ်ကြိမ်ဖြစ်

  • 12 ဧပြီ 2013
Image caption လေတိုက်နေတဲ့အတွက် မီးငြိမ်းသတ်ဖို့ အခက်အခဲဖြစ်

သောကြာနေ့ မနက်က မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် တမ္ပဝတီရပ်ကွက်မှာ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ရာမှာ အိမ်ခြေ တရာကျော် မီးလောင် ပျက်စီးခဲ့ပါတယ်။

မန္တလေး မဟာ မြတ်မုနိ ဘုရားကြီးရဲ့ တောင်ဘက် တမ္ပဝတီ အရှေ့ ချီပါရပ်မှာ လောင်ကျွမ်းခဲ့တဲ့ မီးဒဏ်ကြောင့် မိသားစု တရာ့ သုံးဆယ်ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့ရပြီး မီးဘေး ဒုက္ခသည်တွေကို ဘုန်းကြီးကျောင်းတွေမှာ လောလောဆယ် နေရာချထားပေးတယ်လို့ သိရပါတယ်။

တမ္ပဝတီရပ်ဟာ မြန်မာ့ရိုးရာ လက်မှု အနုပညာတွေဖြစ်တဲ့ ပန်းပု၊ ကျောက်ဆစ် လုပ်ငန်းတွေ အဓိက လုပ်ကိုင်တဲ့ ရပ်ကွက် ဖြစ်ပါတယ်။

အဲဒီ မီးလောင်မှု ဖြစ်ပြီး သိပ်မကြာခင်မှာပဲ ပြည်ကြီးတံခွန် မြို့နယ် သမန်းကုန်း မြို့သစ်မှာလည်း မီးလောင်မှု နောက်တခု ထပ်ဖြစ်ခဲ့ရာမှာ အိမ် ၉လုံး မီးထဲ ပါသွားပါတယ်။

တမ္ပဝတီရပ်ကွက်မှာ လောင်ကျွမ်းခဲ့တဲ့မီးဟာ မန္တလေးမြို့မှာ ဒီနှစ်ဆန်းပိုင်းအတွင်း အကြီးဆုံး မီးလောင်မှု ဖြစ်ပါတယ်။