မိတ္ထီလာ ရွှေဆိုင် ရန်ပွဲ အမှု ထောင်ဒဏ် နှစ်ရှည်တွေ ချမှတ်

  • 12 ဧပြီ 2013
မိတ္ထီလာ
Image caption မိတ္ထီလာ အရေးအခင်း စစ်တပ် ပါချထားရ

မိတ္ထီလာ က လူမျိုးရေး အဓိကရုဏ်းတွေ အစပြုရာဖြစ်တဲ့ ရွှေဆိုင် ရန်ပွဲ နဲ့ ပတ်သက်ပြီး အဲဒီ ရွှေဆိုင် က လူ ၃ ဦး ကို မိတ္ထီလာမြို့နယ် တရားရုံး က ထောင်ဒဏ် နှစ်ရှည် တွေ ချမှတ် လိုက်ပါတယ်။

မတ်လ ၂၀ ရက်နေ့တုန်း က ဦးထွန်းထွန်းဦး ခေါ် ဦးအာရှစ် နဲ့ သူ့ ဇနီး ဒေါ်မြင့်မြင့်အေး ပိုင်ဆိုင်တဲ့ နယူးဝိန့်စိန် ရွှေဆိုင် မှာ ရွှေအရောင်းအဝယ် ကိစ္စ တခုနဲ့ ပတ်သက်ပြီး ဆိုင်ပိုင်ရှင် တွေ နဲ့ ရွှေ လာရောင်းသူ တွေစကားများရာ ကနေ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပြီး လာရောင်းသူတွေ ဒဏ်ရာ ရခဲ့ကြပါတယ်။

အဲဒီ အဖြစ် နောက်ပိုင်း မိတ္ထီလာမှာ လူမျိုးရေး ဘာသာရေး အဓိကရုဏ်း ဖြစ်ပြီး လူပေါင်း ၄၀ ကျော် အသက်ဆုံးရှုံးတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ရွှေဆိုင်ပိုင်ရှင် လင်မယား ၂ဦး နဲ့ ဆိုင်အလုပ်သမား ၁ ဦး စုစုပေါင်း လူ ၃ ဦး ကို ပုဒ်မ ၃၈၂ နဲ့ ၇ နှစ်စီ ၊ ပုဒ်မ ၃၂၅ နဲ့ ၅နှစ်စီ ၊ ပုဒ်မ ၃၂၄ နဲ့ ၂ နှစ်စီ စုစုပေါင်း ထောင်ဒဏ် ၁၄ နှစ်စီ ပြစ်ဒဏ် ချမှတ် လိုက်တာပါ။

ရန်ပွဲ လို့ သတ်မှတ်ပြီး အပြစ်ပေးရမှာ ဖြစ်ပေမယ့် ပြစ်ဒဏ် က ပြင်းထန် တယ်လို့ ဝေဘန်သူတွေ က ပြောနေကြပြီး မန္တလေးတိုင်း အတွင်း မှာ တရားရေး ဝန်ထမ်း လုပ်ကိုင်နေတဲ့ တရားလွှတ်တော် ရှေ့နေ တဦးက များသောအားဖြင့် ပြစ်ဒဏ်တွေ ကို တပေါင်းတည်း ကျခံ စေကြပြီး အမြင့်ဆုံး ပြစ်ဒဏ် ကိုသာ တရားခံ ကို ပြစ်ဒဏ်ပေးလေ့ ရှိတယ် လို့ ပြောပါတယ်။

တရားခံ တွေ ဘက်က အယူခံ ဝင်ခွင့် ရှိတဲ့အတွက် အယူခံ ဝင် နိုင်တယ်လို့ လည်း သူ က ပြောပါတယ်။