ဂျပန်ရောက် မြန်မာတွေ ဒေါ်စုကို စိတ်လှုပ်ရှားစွာကြို

  • 13 ဧပြီ 2013
Image caption မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တိုကျို လေဆိပ်မှာ စောင့်ကြိုနေတဲ့ ဂျပန်ရောက် မြန်မာတွေ

ဂျပန်နိုင်ငံကို သီတင်းတပတ် ခရီးစဉ် အဖြစ် မနေ့က သောကြာနေ့ ညက ထွက်ခွာသွားတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ လည်းဖြစ် ၊ ပြည်သူ့လွှတ်တော် အမတ် တယောက်လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီနေ့ စနေနေ့ မနက် ဒေသစံတော်ချိန် ဂ နာရီလောက်မှာ တိုကျိုမြို့မှာ ရောက်ရှိ သွားပါပြီ။

ဒေါ်အောင်ဆန်း စုကြည်ဟာ ၁၉၈၅ - ၈၆ ခုနှစ်တွေတုန်းက ကျိုတို တက္ကသိုလ်မှာ ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်း သုတေသန ပြုရင်း ဂျပန်နိုင်ငံမှာ နေခဲ့ဖူးပါတယ်။

နှစ်ပေါင်း ၂၈နှစ်အတွင်း ပထမဆုံး သွားရောက်တဲ့ ဂျပန် ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန် ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး၊ လွှတ်တော် ဥက္ကဌ၊ အမတ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို သူဂျပန်မှာ နေခဲ့စဉ် တုန်းက ကြုံဆုံခဲ့ဖူးသူ ပါမောက္ခတွေ ၊ မိတ်ဆွေတွေနဲ့ လည်း ပြန်တွေ့ဆုံမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ NLD အဖွဲ့ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ ကို နိုင်ငံတကာက ထောက်ခံလာအောင်နဲ့ မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ အကူအညီတွေ ရရေး အတွက် ရည်ရွယ် သွားရောက်တာလို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် အကူအညီ အထောက်အပံ့တွေ အများကြီး ပေးနေတဲ့ နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ဖို့ စိတ်ထက်သန်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

မှတ်ချက် ။ ဓါတ်ပုံ တချို့ကို Demowaiyan ဖေ့စ်ဘွတ် စာမျက်နှာ ကနေ ရယူသည်။

ဒီသတင်းနဲ့ပတ်သက်သမျှ