မြန်မာ ငြိမ်းချမ်းရေး အဖွဲ့၀င်တွေ လန်ဒန်ရောက်

Image caption ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင်တွေ

ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီဝင် တွေဟာ လန်ဒန်မြို့ကို ရောက်ခိုက် မနေ့တုန်းက ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဌာနကို သွားပြီး သက်ဆိုင်ရာ အရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အဲဒီ အဖွဲ့ထဲမှာ ပါတဲ့ ဦးလှမောင်ရွှေကို ဆက်သွယ်ပြီး မြန်မာ Peace Centre အနေနဲ့ ဘယ်အချက်တွေကို အဓိက ထားပြီး ဗြိတိန် နိုင်ငံခြားရေး ဌာနက အရာရှိတွေနဲ့ ဆွေးနွေး ခဲ့ပါသလဲလို့ မေးမြန်းကြည့်တော့ မြန်မာ ပြည် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဗြိတိန်ကလည်း ပါ၀င်ချင်ပြီး အိုင်ယာလန်နဲ့ ဗြိတိန် ငြိမ်းချမ်းရေး ရအောင် ကြိုးပမ်းခဲ့တဲ့ ကိစ္စကို ပြန်ရှင်းပြခဲ့ကြောင်း ၊ မြန်မာ ကိစ္စမှာလည်း စဉ်းစားဆောင်ရွက်နိုင်အောင် ဖိတ်တဲ့ သဘော ဖြစ်ပါတယ်လို့ သူက ဆိုပါတယ်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဌာနက လူကြီးတွေကို တွေ့ရတဲ့ အခါ ဦးအောင်မင်းက မြန်မာ ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ အားသာချက် အားနည်းချက်တွေကို ရှင်းပြခဲ့ပြီး နိုင်ငံတကာက အကူအညီပေးနိုင်တာတွေကို ပြောပြခဲ့ သလို နိုင်ငံတကာက ဒီဖြစ်စဉ်မှာ အကူအညီ ပေးနိုင်တဲ့ အနေအထားတွေကို ပြန်ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။

ဆွေးနွေးပွဲမှာ ရခိုင်နဲ့ ကချင် ကိစ္စတွေကိုကော ထည့်သွင်း ပြောပြခဲ့သပါသလားလို့ မေးကြည့်တဲ့ အခါ အဲဒီ ကိစ္စတွေလည်း ပါပြီး တနာရီကြာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ် ၊ တိုနီ ဘလဲနဲ့ ဂျော်နသန် ပါးဝါးတို့လည်း မြန်မာ ပြည်က ဖြစ်ပေါ် ပြောင်းလဲ ပြောင်းလဲမှုနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို စိတ်ဝင်စားကြောင်း သိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဦးအောင်မင်းက မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ ရပ်တည်ချက် အပြင် လမ်းပြမြေပုံကို ချပြခဲ့ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ သဘောထားတွေကို တင်ပြခဲ့တယ်လို့ ဦးလှမောင်ရွှေက ရှင်းပြပါတယ်။

အိုင်ယာလန်နဲ့ ဗြိတိန် ငြိမ်းချမ်းရေး ရဖို့ တော်တော် ကြိုးစားခဲ့ရပြီး ဒီဖြစ်စဉ်မှာ အဓိက ပါဝင်ခဲ့သူတွေက အခု ဆွေးနွေးပွဲမှာ ရှင်းပြခဲ့သလို သူတို့ကလည်း သိချင်တာတွေ မေးလို့ ကိုယ့် အနေအထား ကိုလည်း ရှင်းပြခဲ့တာကြောင့် ဗြိတိန် ဖက်က အဖွဲ့တွေက ပိုမို သဘောပေါက်ပြီး ကူညီဖို့ စိတ်အားထက်သန်တာ တွေ့ရတယ်လို့ သူက ပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲ့ဝင် တွေဟာ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ ၊ သစ်တောရေးရာ ဝန်ကြီး ဦးဝင်းထွန်း ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး တို့နဲ့ အတူ မြန်မာ ပိစ် စင်တာက ပုဂ္ဂိုလ်တွေ ပါဝင်ကြောင်း သိရပြီး ဧပြီ ၁၆ရက် ညနေမှာ အိုင်ယာလန်ကို ခရီးဆက်ကြတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ