မြန်မာ မှတ်ပုံတင် လုပ်သား ထိုင်းမှာ ၂သန်း ရှိသွားပြီ

  • 18 ဧပြီ 2013
Image caption ထိုင်းနိုင်ငံရောက် ပြည်ပ လုပ်သားတွေ

ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ နေတဲ့ မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေကို မှတ်ပုံတင်ခွင့် ပေးနေတာ မနေ့တုန်းက နောက်ဆုံးနေ့ ဖြစ်ပါတယ်။

အထောက်အထား မဲ့နေတဲ့ အလုပ်သမား ၁ သန်းကျော် ရှိမယ်လို့ ခန့်မှန်း ပြောဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။

ဒီတစ်ကြိမ် မှတ်ပုံတင်တဲ့ အလုပ်သမား ၅ သိန်းကျော်လောက်ရှိပြီး အဲဒီအထဲမှာ မြန်မာ အလုပ်သမားက ၃ သိန်းကျော် ရှိတယ်လို့ ထိုင်း အလုပ်သမားဝန်ကြီး ဌာနက ပြောပါတယ်။

အထောက်အထားမဲ့ နေတဲ့ အလုပ်သမား ၁ သန်းလောက်ရှိတယ်လို့ ခန့်မှန်းမှုတွေ ရှိနေပြီး အခုမှတ်ပုံတင်တဲ့ အရေအတွက်က နည်းနေတဲ့ အတွက် ဒါဟာ ကုန်ကျစရိတ် မတတ်နိုင်လို့ မှတ်ပုံ မတင်သူတွေ ရှိနေတာလို့ ယူဆ နိုင်ပါသလား ၊ အထောက်အထားမရှိသူတွေကို ဘယ်လို ဆောင်ရွက်မလဲလို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေးချား ဖရု(က်)ဖတ်ထနာ့ရတ် ကို ဘီဘီစီက မေးကြည့်ခဲ့ပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေးချား ဖရု(က်)ဖတ်ထနာ့ရတ် က ပြောကြားရာမှာ အထောက်အထားမဲ့ ၁ သန်းကျော် ရှိမယ်ဆိုတဲ့ ပြောဆိုချက်က အခြေအမြစ် မရှိသလို အခု ၅ သိန်းကျော် မှတ်ပုံတင်တာဟာ ကျေနပ်လောက်တဲ့ အရေအတွက်ဖြစ်ပြီး ကုန်ကျစရိတ်ကလည်း အားလုံးအဆင်ပြေမယ့် စျေးနှုန်းကို သတ်မှတ် ပေးခဲ့တာကြောင့် လူများစုက မှတ်ပုံတင်ခဲ့ ကြတာကို တွေ့ရတယ် ၊ အထောက်အထား မရှိတဲ့သူ တွေကို ဥပဒေအရ အရေးယူမှာဖြစ်ပေမယ့်လည်း အကုန်အစင် လိုက် ဖမ်းဆီး အရေးယူနိုင်ဖို့ကတော့ အတော် လုပ်ရခက်တဲ့ လုပ်ငန်းဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။

အထောက်အထားမဲ့သူတွေ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ခွင့် မရှိတော့ပေမယ့် နှစ်နိုင်ငံ အမ်အိုယူ နားလည်မှု စာချွန်လွှာအရ မြန်မာနိုင်ငံ ကနေ ယာယီ နိုင်ငံကူး လက်မှတ်တွေနဲ့ ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ခွင့်ကို ဆက်လက် ခွင့်ပြုပေးနေပါတယ်လို့ ထိုင်း အလုပ်သမား ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေးချား ဖရု(က်)ဖတ်ထနာ့ရတ် ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အရင်နှစ်တွေက မြန်မာအလုပ်သမား ၁သန်းခွဲကျော်ကို နိုင်ငံကူး လက်မှတ် ထုတ်ထားပေးပြီဖြစ်လို့ အခုတကြိမ် မှတ်ပုံတင်တဲ့သူတွေပါ ပေါင်းလိုက်ရင် ထိုင်းနိုင်ငံမှာတရားဝင် မြန်မာအလုပ်သမား ၂ သန်း နီးပါး ရှိသွားပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ