ပညာရေး ကဏ္ဍ တိုးတက်အောင် ကူညီဖို့ ဒေါ်စုပြော

  • 18 ဧပြီ 2013
Daw Aung San Suu Kyi and Japanese Prime Minister
Image caption ဒေါ်အောင်ဆန်း စုကြည်နဲ့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး

ဂျပန် နိုင်ငံကို ရောက်နေတဲ့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကို ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ကြာသပတေးနေ့ ညနေပိုင်းက သူ့ရဲ့ ဝန်ကြီးချုပ် အိမ်တော်မှာ ဖိတ်ခေါ် တွေ့ဆုံခဲ့ ပါတယ်။

ဝန်ကြီးချုပ် ရှင်ဇို အာဘေးက မြန်မာ နိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာကို ဂျပန် နိုင်ငံ အနေနဲ့ ကြိုဆိုကြောင်း၊ ဒီမိုကရေစီ ဆက်လက် ဖော်ဆောင်နိုင်ရေးကို ထောက်ခံ အားပေး သွားမယ့် အပြင် မြန်မာ နိုင်ငံ မှာ စီးပွားရေး အရ ဖွံ့ဖြိုး တိုးတက်ရေးကို အကူ အညီ ပေးမယ်လို့ ပြော ပါတယ်။

မစ္စတာ ရှင်ဇို အာဘေးက သူ ဝန်ကြီးချုပ် မဖြစ်ခင် ကတည်းက အာရှ နိုင်ငံ တွေမှာ စာသင် ကျောင်းတွေ တည်ဆောက် ပေးဖို့ ဖွဲ့စည်းထားတဲ့ NGO အဖွဲ့ တစ်ခုမှာ ပါဝင် ပတ်သက် ခဲ့ပြီး မြန်မာ့ ပညာရေးကို စိတ်ဝင်စားသူ ဖြစ်တာ သိရလို့ ဝမ်းသာ ကြောင်းနဲ့ မြန်မာ့ ပညာရေး အတွက် ဂျပန်က ရှေ့ဆက် ကူညီ ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့ ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဂျပန် နိုင်ငံ ခရီးစဉ် အတွင်းမှာ ဂျပန် လူငယ်တွေကို မြန်မာ နိုင်ငံနဲ့ ပတ်သက်ပြီး မိတ်ဆက် ပေးချင်တယ်၊ မြန်မာ နိုင်ငံ အကြောင်း ဂျပန် လူငယ်တွေ နားလည်စေချင်တယ် ဆိုတာ တွေ့ရတယ် လို့ ဒီ ခရီးစဉ်ကို လေ့လာ စောင့်ကြည့် နေတဲ့ People's Forum on Burma အဖွဲ့က မစ္စတာ ဟီဆာအို တာနာဘေး ခေါ် ဦးရွှေဘက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ