ပိတ်ဆို့မှုဆိုင်ရာ ဆုံးဖြတ်ချက် အီးယူ ချဖို့ရှိ

  • 18 ဧပြီ 2013
EU, Burma, Sanctions
Image caption အီးယူက မြန်မာအပေါ် ပိတ်ဆို့မှု ၁ နှစ် ဆိုင်းငံ့ထားပြီး လက်နက်ရောင်းဝယ်မှု ပိတ်ပင်ထားဆဲ

ဥရောပ သမဂ္ဂ အီးယူ နိုင်ငံခြားရေးရာ ကောင်စီက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ၁ နှစ် ဆိုင်းငံ့ထားတာနဲ့ ပတ်သက်ပြီး နောက်ထပ် ဘာဆက်လုပ်မလဲဆိုတာ လာမယ့် တနင်္လာနေ့ ဧပြီလ ၂၂ ရက်နေ့မှာ ဆုံးဖြတ်ကြဖို့ ရှိပါတယ်။

မြန်မာအစိုးရဘက်ကတော့ လက်ရှိ ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတာကြောင့် ပိတ်ဆို့ အရေးယူမှုတွေ အားလုံးကို လုံးဝ ရုပ်သိမ်း သင့်ပြီလို့ ပြောနေပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီးဟောင်း လည်း ဖြစ် မြန်မာ့အရေးကို စောင့်ကြည့် လေ့လာနေသူလည်း ဖြစ်တဲ့ မစ္စတာ Derek Tonkin ကလည်း ပြီးခဲ့တဲ့ ၂ လတာ ကာလအတွင်း ဗြိတိသျှ ပါလီမန်မှာ ပြောဆို ဆွေးနွေးခဲ့တာတွေ ကို လေ့လာ သုံးသပ် ရသလောက်ဆိုရင် အီးယူက မြန်မာနိုင်ငံအပေါ် ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို လုံးဝ ရုပ်သိမ်း ပေးတော့မယ်လို့ ထင်ရကြောင်း ပြောပါတယ်။

နောက်ပြီး အရင်တုန်းက ပိတ်ဆို့မှုကို အားပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဂျပန်နိုင်ငံမှာ ရောက်နေစဉ် ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ကြဖို့ တိုက်တွန်း ပြောသွားတာ တွေ့ရတယ် လို့လည်း သူက ထောက်ပြပါတယ်။

ပိတ်ဆို့ထားမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှုတွေ ထိခိုက်ခဲ့ရ၊ အကူအညီတွေ မရရှိပဲ ဖြစ်ခဲ့ရတယ်လို့ မစ္စတာ တုံကင်က ပြောပါတယ်။

ဒါပေမယ့်လည်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အုပ်စုတွေကတော့ မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆက်ရှိနေဆဲမို့ ပိတ်ဆို့ အရေးယူမှုတွေကို ဆက်ထားထား သင့်တယ်လို့ ယူဆနေကြပါတယ်။

ယူကေနိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့ Burma Campaign UK က မစ္စတာ Mark Farmaner ကတော့ ပိတ်ဆို့မှု ရုပ်သည်ဖြစ်စေ မရုပ်သည်ဖြစ်စေ လူထုအတွက် ထူးထူး ခြားခြား ပြောင်းလာမှာ မဟုတ်ဘူး၊ ဒါပေမယ့် မြန်မာ အစိုးရအနေနဲ့တော့ ပိတ်ဆို့မှု အကုန်လုံး ရုပ်သိမ်းခံရရင် လူ့အခွင့်အရေး တိုးတက်မှုတွေ လုပ်အောင် နိုင်ငံတကာဘက်က ဖိအားပေး ဆောင်ရွက်ဖို့ ခက်သွားနိုင်တယ်လို့ သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ