OIC လာခွင့်မပေးဖို့ သံဃာတော်တွေ တောင်းဆို

Image caption OIC အဖွဲ့ကို လာခွင့်ပြုရင် သံဃာတွေ ဆန္ဒပြမယ်လို့ ဆို

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အစ္စလာမ် ဘာသာ၀င်တွေနဲ့ ဗုဒ္ဓဘာသာ၀င် တွေကြား အကြမ်းဖက် သတ်ဖြတ်မှုတွေကို အစ္စလာမ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့OICက ဝန်ကြီးအဆင့် ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ မြန်မာနိုင်ငံကို လာရောက်ခွင့်ပြုဖို့ မြန်မာအစိုးရကို ခွင့်တောင်းလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေး တိုင်းအတွင်းက သံဃာတော်တွေက ခွင့်မပြုဖို့ သမ္မတရုံးကို အကြောင်းကြားစာပို့ လိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အိုအိုင်စီ ကိုယ်စားလှယ်တွေ မြန်မာပြည် မလာရေး ဦးဆောင် ကန့်ကွက်တဲ့ သံဃာတွေ ထဲက ဆရာတော်တပါးဖြစ်တဲ့ ပခုက္ကူမြို့ ဗောဓိမဏ္ဍိုင် စာသင်တိုက်က ဆရာတော် ဦးလက္ခဏကို ဘီဘီစီက လျှောက်ထားမေးမြန်းထားပါတယ်။

အဲဒီ အခါမှာ ဆရာတော်က ပခုက္ကူ တမြို့ထဲ မဟုတ်ဘဲ ရေစကြို ၊ မုံရွာ ၊ ကျောက်ပန်းတောင်း ၊ ရေနံချောင်း ၊ ချောက် ၊ ဆလင်းကြီး ၊ မြိုင် ၊ မန္တလေးနဲ့ ရန်ကုန်က သံဃာတွေနဲ့ ဖုန်းနဲ့ ဆက်သွယ်ပြီး တိုင်ပင်ကြည့်တော့ ဒီအဖွဲ့ကို အလာခံလို့တော့ မဖြစ်ဘူး ဆိုတာကြောင့် အများဆန္ဒနဲ့ ကြေညာချက် ထုတ်လိုက်တာလို့ ဆရာတော်က ပြောပါတယ်။

အိုအိုင်စီ ရောက်လာလေ မြန်မာ နိုင်ငံမှာ ရှိတဲ့ အစွန်းရောက် အစ္စလာမ်တွေက ပိုဆိုးလေ ဖြစ်မှာ စိုးရိမ်တာကြောင့် အလာ မခံရတာလို့ ဆိုပါတယ်။

မိထ္ထီလာ ကိစ္စနဲ့ ပတ်သက်လို့ မိတ္ထီလာက မွတ်ဆလင် လူမျိုးတွေဟာ မိတ္ထီလာမှာမွေး မိတ္ထီလာမှာ ကြီးပြင်းကြတာ ဖြစ်သော်ငြားလည်း မြန်မာနိုင်ငံရဲ့ လူမျိုးစာရင်းထဲမှာ သူတို့ မပါဘူး ၊ မွတ်ဆလင် ဆိုတာလည်း သာမန် မွတ်ဆလင် တွေကို မဆိုလိုပါဘူး အစွန်းရောက်တဲ့ ပုဂ္ဂိုလ်တွေကိုသာ ဆိုလိုတာပါ ၊ တချို့ကတော့ မြန်မာပြည်မှာမွေး မြန်မာပြည် ခြံပေါက် ဖြစ်ပေမယ့် အစ္စလာမ် ဘာသာကို အေးအေးဆေးဆေး ကိုးကွယ်နေတဲ့ သူတွေလည်း ရှိကြောင်း ၊ အကုန်လုံးကို ဝါးလုံးသိမ်း ဆိုလိုတာ မဟုတ်ကြောင်းနဲ့ ၊ အစကတည်းကလည်း ဒီကိစ္စတွေဟာ ဘာသာရေးကြောင့် ဖြစ်တယ်လို့ မထင်ပါဘူး ၊ အမျိုးသား ကာကွယ်ရေး တွေကို နဂိုတည်းက ပီပီပြင်ပြင် မလုပ်ခဲ့လို့ အခုလို ဖြစ်ရတာပါ ၊ အစိုးရ ပိုင်းက ကိုင်တွယ်ရာမှာလည်း အစပိုင်းမှာ မြန်မြန်ဆန်ဆန်နဲ့ မထိန်းနိုင်တာကြောင့် ရက်ကြာလာတော့ သူတွယ်ကိုယ်တွယ်နဲ့ မပျက်စီးသင့်တာတွေ ဖြစ်ခဲ့တာလို့ ဆရာတော်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ