ဖေ့စ်ဘုတ်ယဉ်ကျေးမှုတော်လှန်ရေး စတင်

Image caption Facebook ပေါ်က တိုက်ခိုက်သူတွေကို ဖော်ထုတ် တော့မယ်

မြန်မာတွေ ဖေ့စ်ဘုတ်ပေါ် သဘောထား မှတ်ချက်တွေ ဝင်ရေးတဲ့အခါ မကြားဝံ့ မနားသာ၊ ကြမ်းတမ်း ညစ်ညမ်းစွာ ဆဲရေး တိုင်းထွာမှုတွေကိုလည်း သုံးကြတဲ့ အတွက် လူကောင်းတွေတောင်မှာ ဖေ့စ်ဘုတ်ထဲ ဝင်ရေးဖို့ တွန့်တဲ့အထိ ဖြစ်လာတယ်လို့ သုံးသပ်ကြပါတယ်။

ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော် တိုက်ခိုက်မှုတွေ လုပ်လာတယ်၊ ဒါတွေကို တုံ့ပြန်ဖို့ ဖေ့စ်ဘုတ် သုံးသူတွေ ကျင့်ဝတ် နားလည်တဲ့ ယဉ်ကျေးမှုတရပ် ပေါ်လာအောင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးဆောင်လို့ လုပ်ဆောင်နေပါတယ်။

ဧပြီ ၂၀ က ရန်ကုန်မှာ သတင်းစာဆရာတွေ၊ ကျောင်းသားတွေ၊ အနုပညာရှင်တွေက ဖေ့စ်ဘုတ် ယဉ်ကျေးမှု တော်လှန်ရေး တရပ်အသွင် ပြုပြင် ပြောင်းလဲဖို့ ကြိုးစားတဲ့ အနေနဲ့ အလုပ်ရုံ ဆွေးနွေးပွဲတခု ကျင်းပခဲ့ပါတယ်။

နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပဋိပက္ခတွေ ကြီးထွားလာအောင်၊ နောက်ပြီး ဒီမိုကရက် အင်အားစုတွေကို ဦးတည်ထား တိုက်ခိုက်တဲ့ စနစ်တကျ ပြင်ထားတဲ့ ကွန်ရက်တွေကိုတောင် တွေ့နေရတယ်လို့ အဲဒီ လှုပ်ရှားမှုကို ဦးဆောင်တဲ့ ကိုဂျင်မီက ပြောပါတယ်။

တယောက်က ပြောတာနဲ့ နောက်တယောက်ကပါ ဆက်တိုက် ဝုန်းဝုန်းနဲ့ ဆဲလိုက် ဆိုလိုက် ပစ်လိုက် ခတ်လိုက်တာပေါ့၊ တချို့ ဝေဖန်ချက် အကောင်းတွေ ဝင်ရေးပေးမယ့် သူတွေကတောင် ဒီလူတွေနဲ့ ရောပြီး မရေးပေးချင်တော့ဘူးလို့ သူက ဆိုပါတယ်။

အခု လောလောဆယ်မှာတော့ ဖေ့စ်ဘုတ်သုံးသူတွေကြား ကျင့်ဝတ်ကို နားလည်လာအောင် ကြိုးစားသွားမှာ ဖြစ်ပြီး၊ နောက်ပိုင်းကျရင်တော့ ကွန်ရက်ဖွဲ့ပြီး တိုက်နေတဲ့ သူတွေကို နည်းပညာတွေ သုံးလို့ ဖော်ထုတ် သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အမှုဆောင်လူကြီး ဦးရဲမြတ်သူကတော့ အရေးယူဖို့အတွက် မြန်မာနိုင်ငံမှာ ဆိုက်ဘာဥပဒေတွေ ရှိထားရင် ကောင်းမယ်၊ အရေးယူတဲ့အခါမှာ သက်သေခံက အရေးကြီးတယ်လို့ ထောက်ပြပါတယ်။

နှစ်ပေါင်းများစွာ အချုပ်အထိန်းနဲ့ နေလာခဲ့ရပြီး လွတ်လပ်လာခါစအချိန် ဒါမျိုးပြောမှ သတ္တိရှိတယ်၊ သူရဲကောင်းလို့ ထင်တဲ့ တလွဲအမှား အတွေးတွေကလည်း ရှိနေတယ်လို့ သူက သုံးသပ်ပါတယ်။

ဒါကြောင့် တဖြည်းဖြည်းနဲ့ ကန့်သတ်သွားရမယ်၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းက ဒါမျိုး လက်မခံဘူးဆိုတာ အများစုပေါင်းပေါင်းပြီး ပြရမယ်။ ဒီလိုမှမဟုတ်ရင် မဟုတ်တရုတ် ယဉ်ကျေးမှုတွေနဲ့ လူမျိုးတွေ ဖြစ်သွားလိမ့်မယ်လို့ ဦးရဲမြတ်သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ