ရန်ကုန်တိုင်း တရားရုံးကို ဟော်တယ်ဖွင့်ခွင့်ပေးလို့ ရှေ့နေတွေ စာပို့

  • 20 ဧပြီ 2013
Image caption ကိုလိုနီခေတ် သမိုင်းဝင် အဆောက်အဦတွေ

ရန်ကုန်တိုင်း တရားရုံးကို Flying Tiger ကုမ္ပဏီကို ဟိုတယ် အဖြစ် ပြုပြင်ခွင့် ပေးတာနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ကို တရားစွဲမယ်ဆိုပြီး ရှေ့နေများ ကွန်ယက်က နို့ တစ် အသိပေး အကြောင်းကြား စာပို့ လိုက်ပါပြီ။

ရက်ပေါင်း ၆၀ အတွင်း အစိုးရဖက်က ဆောင်ရွက် မပေးရင်တော့ တရားစွဲ ဆိုတော့မယ်လို့ သိရပါတယ်။

အရင် အင်္ဂလိပ် ခေတ်က ပုလိပ်မင်းကြီးရုံး လို့ ခေါ်တဲ့ ရန်ကုန် မြို့လယ် ဘဏ်လမ်း က တိုင်းတရားရုံးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော် ကတည်းက တရားရုံး အဖြစ် ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မနှစ်က စပြီး တိုင်းတရားရုံး ထဲက ရုံးတွေကို နေရာ ရွှေ့ပြီးတဲ့နောက်ပိုင်း ဟိုတယ်အဖြစ် ဖွင့်လှစ်ဖို့ တောက်လျှောတ် ပြင်ဆင် နေခဲ့တာ ဖြစ်ပြီး ဒါကို ရပ်တန့် ပေးဖို့ ရှေ့နေကွန်ယက်က တောင်းဆိုတာ ဖြစ်ပါတယ်။

အစိုးရက လုပ်ကိုင်ခွင့် ပေးခဲ့တဲ့ Flying Tiger ကုမ္ပဏီက ဟိုတယ် ဖွင့်ဖို့ကို မရပ်နားပဲ ဆက်လုပ်နေလို့ အခုလို တရားစွဲ ရတာလို့ ရှေနေများ ကွန်ယက်က ပြောပါတယ်။

ဒီလို ဟိုတယ် ဖွင့်ဖို့ မလုပ်သင့်ဖူး ဆိုတာ မနှစ်က အောက်တိုဘာလ ကလည်း ရှေ့နေများ ကွန်ယက်က ဆန္ဒပြခဲ့ သေးပေမယ့် ဆန္ဒပြပွဲ အပြီးမှာ ရှေ့နေများ ကွန်ယက်က ဒီအဆောက်အဦဟာ သမိုင်း တန်ဖိုးအရ အရေး ပါတဲ့ အကြောင်းကို သမ္မတ ဆီကို စာတင်ပြီး အကြောင်းကြားခဲ့ပြီးတော့ ထူးခြား မလာတဲ့ အတွက် အခုလို ဆောင်ရွက်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။ အခုလို အသိပေး နို့တစ်စာပို့ပြီး တရားစွဲတာဟာ အစိုးရနဲ့ ပြိုင်ရင် နိုင်မယ့် မျှော်လင့်ချက် မရှိပေမဲ့ ပြည်သူလူထုက ထောက်ခံရင်တော့ အစိုးရ အဖွဲ့က စဉ်းစားမယ် ထင်တယ်လို့ ရှေ့နေကွန်ယက်က ပြော ပါတယ်။

ရန်ကုန်မှာ ရှိတဲ့ တိုင်းတရားရုံး အပါဝင် ရှေးဟောင်း အဆောက်အဦ တစ်ချို့ကို ဟိုတယ်နဲ့ ပြတိုက်တွေဖွင့်ဖို့ လုပ်ကိုင် ခွင့်ပြုခဲ့ပြီး အစိုးရဟာ အရှေ့တောင် အာရှရဲ့ တစ်ခုတည်း ကျန်တဲ့ ကိုလိုနီ ခေတ်လက်ရာ အဆောက်အုံ တွေကို ပြုပြင်ထိမ်းသိမ်းဖို့ ထက် ပုဂ္ဂလိကကို ရောင်းပြီး လုပ်ကိုင် ခွင့်ပေးဖို့ ကိုဘဲ စိတ်ပါနေတယ်လို့ ရန်ကုန်က လူတွေက ပြောဆိုနေပါတယ်။