OIC ကိုယ်စားလှယ် လာခွင့် ကိစ္စ

  • 19 ဧပြီ 2013
meikhtila
Image caption မိတ္ထီလာ ဘာသာရေး အဓိကရုဏ်း ဖြစ်စဉ် က

OIC ခေါ် အစ္စလာမ် မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ က ကိုယ်စားလှယ် မြန်မာပြည် လာခွင့်ပြုရေး အတွက် OIC ဘက်က ပန်ကြားနေပေမယ့် လာနိုင်ဖို့ မသေချာ သေးပါ။

ပြီးခဲ့တဲ့ ရက်ပိုင်း က ဆော်ဒီ အာရေဗျ နိုင်ငံ မှာ ကျင်းပ ခဲ့တဲ့ OIC နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ မြန်မာပြည်ကို ကိုယ်စားလှယ် အဖွဲ့ လွှတ်ရေး သူတို့ ထပ်မံ ဆန္ဒပြု ဆုံးဖြတ်ချက် ချကြပေမယ့် မြန်မာအစိုးရ ဘက်ကတော့ အရင်လို ပဲ သူတို့ ကို လာခွင့် မပြုမယ့် အနေအထား မှာ ရှိနေပါတယ်။

OIC အဖွဲ့ ဘက်ကတော့ သူတို့ သွားချင်နေတာ မနှစ်ကတည်းက ဖြစ်ပြီး အခု ထပ်ပြီးတိုး လာတဲ့ အခြေအနေ တွေ ကြောင့် အခုလို သွားဖို့ ဆန္ဒပြုတာ ကို ထပ်မံ လုပ်ဆောင်တာဖြစ်တယ် လို့ ဆိုပါတယ်။

နိုင်ငံပေါင်း ၅၇ နိုင်ငံ ကို ကိုယ်စားပြု တဲ့ OIC အဖွဲ့ ရဲ့ အထွေထွေ အတွင်းရေးမှူး ကို အကြံပေးပုဂ္ဂိုလ် အဖြစ် ဆောင်ရွက်ပေးနေတဲ့ မစ္စတာ ဆာရစ် ကေဆမ် အယ် မက်စရီ က အခု လောလောဆယ်ဆယ် ဖြစ်ပျက်ခဲ့တဲ့ ရက်စက်စွာ တိုက်ခိုက်မှု တွေ က ရိုဟင်ဂျာ လူနည်းစု တွေ ရဲ့ နေရာတွင် မှာ မဟုတ်တော့ပါဘူး ၊ တခြား မွတ်ဆလင်တွေ နေထိုင်ရာ ဒေသတွေ ကို ပျံ့နှံ့လာခဲ့ပါတယ်၊ ဒါကြောင့် OIC အဖွဲ့ တခုလုံး ကို သတိထား စရာ တခု အဖြစ် သတိပေး လိုက်သလို ဖြစ်တဲ့ အတွက် မြန်မာပြည်ကို ကိုယ်စားလှယ် စေလွှတ် နိုင်ရေး ထပ်ကြိုးစား ဖို့ ဖြစ်လာခဲ့တာ ပါလို့ ဘီဘီစီ ကို ပြောပါတယ်။

သူတို့ အနေနဲ့ ကောင်းမွန်တဲ့ စိတ်ဆန္ဒတွေ နဲ့ သွားလိုတာ ဖြစ်သလို လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ လည်း ပေးလိုတယ် လို့ ပြောပါတယ်။

မစ္စတာ မက်စရီ တို့ OIC အနေနဲ့ သူတို့ ကိုယ်စားလှယ် တွေ မြန်မာပြည်ကို စေလွှတ်နိုင်ရေး အတွက် ရှေ့မှာ လည်း မြန်မာ အစိုး ကို ဆက်လက် ပန်ကြားသွားမှာ ဖြစ်သလို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ကနေ တဆင့်လည်း တိုက်တွန်း သွားမယ် လို့လည်း ဆိုပါတယ်။

မြန်မာ သမ္မတရုံး နဲ့ နီးစပ်သူ တဦး ကတော့ OIC အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း တွေ အနေနဲ့ မြန်မာနိုင်ငံ ရဲ့ အခြေအနေ ကို မှန်မှန် ကန်ကန် သုံးသပ်ဖို့ လိုတယ် လို့ ပြောပြီး ဘာသာရေး ပဋိပက္ခ နဲ့တင်းမာ မှုတွေ လျော့ကျ သွားအောင် အစိုးရ က ဆောင်ရွက် နေချိန်မှာ ဒါတွေ ကို ပျက်ပြားသွားအောင် ဖိအား ပေးတာ တွေ မလုပ်သင့်ဘူး လို့ ပြောပါတယ်။