နိုင်ငံသား ဥပဒေ မပြင်နိုင်

  • 19 ဧပြီ 2013
U Khin Yee
Image caption နိုင်ငံသား ဥပဒေ ပြင်မပေးနိုင်

နိုင်ငံသား ဥပဒေကို ပြင်ဆင် ပြောင်းလဲ စရာ အကြောင်း မရှိဘူးလို့ ဘီဘီစီနဲ႔ သီးသန့် မေးမြန်းခန်းမှာ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီက ပြောလိုက်ပါတယ်။

ရိုဟင်ဂျာတွေ နိုင်ငံသား ဖြစ်ရေး မဖြစ်ရေးဟာ နိုင်ငံသား ဥပဒေနဲ့ ညီမညီ ဆိုတဲ့အချက်အပေါ် မူတည်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံမှာ အမေးအဖြေလုပ်ရာမှာ ပြောကြားခဲ့ပြီး နိုင်ငံသား ဥပဒေဟာ နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ ညီမညီကိုလည်း ပြန်လည် သုံးသပ်ဖို့လိုတယ်လို့ ဆိုပါတယ်။

ဒီတော့ ပြန်လည် သုံးသပ်ဖို့ အလားအလာ ရှိမရှိ ဝန်ကြီး ဦးခင်ရီကို မေးရာမှာ ဒီဥပဒေကို ပြည်သူလူထုသဘောထား ကောက်ယူ ရေးဆွဲခဲ့တာလို့ ဝန်ကြီး ဦးခင်ရီက ပြောပါတယ်။

၁၉၈၂ ခုနှစ်ဥပဒေကို မဆလ အစိုးရလက်ထက်မှာလည်း တိုင်းရင်းသားတွေရဲ့ သဘောထား ကောက်ယူပြီး ရေးဆွဲခဲ့တယ်လို့ ဦးခင်ရီက ဆုပ်ကိုင် ပြောဆိုပါတယ်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို လွှတ်တော်မှာ ပြန်လည် သုံးသပ်ဖို့ အရင်က တင်သွင်းခဲ့ဖူးပြီး အဲသလို တင်သွင်းရာမှာ စကားလုံး အနည်းငယ်မှ အပ ပြင်ဆင်ဖို့ မလိုဘူးလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆုံးဖြတ်ခဲ့တယ်လို့ ဦးခင်ရီက ပြောပါတယ်။

လွှတ်တော်ဟာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ သူတွေနဲ့ ဖွဲ့ထားတာလို့လည်း ဦးခင်ရီက ထပ်လောင်း ပြောဆိုပါတယ်။

ပြည်သူတွေက ရွေးချယ်ထားတဲ့ လွှတ်တော်က မပြင်ဆင်ဘူးလို့ ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက် ဒါဟာ ပြည်သူ့ ဆန္ဒဖြစ်တယ်လို့ ဦးခင်ရီက ဆိုပါတယ်။