မြန်မာ လူ့အခွင့်အရေး တိုးတက်မှု အမေရိကန် ချီးကျူး

  • 20 ဧပြီ 2013
Image caption အမေရိကန်မှာ ပညာသင်နေတဲ့ တရုတ်နိုင်ငံက မျက်မမြင် ရှေ့နေ

တရုတ်နဲ့ ဗီယက်နမ် တို့ရဲ့ လူ့အခွင့်အရေး လိုက်နာမှု အခြေအနေဟာ ယိုယွင်း ပျက်စီးလာနေပေမယ့် မြန်မာ နိုင်ငံ မှာတော့ တိုးတက်မှု ရှိနေပြီး ဒီမိုကရေစီ လမ်းကြောင်းကို အခက်အခဲတွေကြားက ဆက်လက် လျှောက်လှမ်း နေတယ်လို့ အမေရိကန် က ပြောပါတယ်။

ကမ္ဘာတလွှားက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ မနေ့က သောကြာနေ့တုန်းက ထုတ်ပြန်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနရဲ့ နှစ်စဉ် သုံးသပ် အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

၂၀၁၂ အတွင်း တရုတ် နိုင်ငံမှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ လူထု အကျိုးကို လှုပ်ရှား ဆောင်ရွက် နေတဲ့ ရှေ့နေတွေကို ဆက်လက် နှိမ်နင်းနေတယ်လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

တရုတ် အစိုးရကို ဆန့်ကျင် ဆန္ဒပြတဲ့ အနေနဲ့ ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြမှုတွေ တိုးလာနေတဲ့ တိဗက် ဒေသမှာ ဘာသာရေး လွတ်လပ်ခွင့် တောင်းဆို နေသူတွေကို အာဏာပိုင်တွေက ပိုမို ကန့်သတ် ချုပ်ချယ် ဖိနှိပ်မှုတွေ လုပ်လာနေတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား မှာတော့ အစိုးရ ဆန့်ကျင်သူတွေကို ဥပဒေမဲ့ သတ်ဖြတ် ၊ အပြောင်ရှင်းပစ်တာ ၊ နှိပ်စက် ညှင်းပမ်းပြီး တဖက်သတ် ဖမ်းဆီး ထိန်းသိမ်းမှုတွေ လုပ်နေတဲ့ အတွက် အခြေအနေက အံ့သြတုန်လှုပ်ဖွယ်ဘဲ လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ် အုပ်ချုပ်မှုကနေ တိုးတက်တဲ့ ပြောင်းလဲ လုပ်ဆောင်မှုတွေ ရှိပေမယ့် ပြည်တွင်းက လူမျိုးရေး အကြမ်းဖက်မှုတွေကို ဖြေရှင်းဖို့ လိုတယ်လို့ အမေရိကန်က ပြောကြောင်း အေပီ သတင်းမှာ ရေးသား ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ