ရခိုင်ဒုက္ခသည်တွေ အမိုးအကာ အရေးပေါ်လိုအပ်

  • 20 ဧပြီ 2013

ရခိုင် ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဇွန်လနဲ့ အောက်တိုဘာလ တွေ အတွင်း ဖြစ်ပေါ် ခဲ့တဲ့ ပဋိပက္ခတွေ ကြောင့် နေရပ် စွန့်ခွာ ထွက်ပြေး နေရသူ တသိန်း နှစ်သောင်း ပတ်ဝန်းကျင် ရှိတဲ့ အနက် တဝက် လောက်ဟာ အမိုး အကာတွေ အရေးပေါ် လိုအပ် နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ UNHCR ကပြော ပါတယ်။

ယာယီ အမိုး အကာတွေ တည်ဆောက် ဖို့ အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ် ထဲမှာ မြေနေရာ သတ်မှတ် ပေးလိုက်ပြီ ဖြစ်ပေမယ့် ရန်ပုံငွေ လိုအပ် ချက်တွေ အများကြီး ရှိနေ ပါတယ်။

ဒီ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံ ဆိုင်ရာ UNHCR ဌာနေ ကိုယ်စားလှယ် Mr Hans ten Feld ကို ဆက်သွယ် မေးကြည့်တော့ သူက ခုလို စပြော ပါတယ်။

ဖြေ ၁။ အခု လောလောဆယ် အရေးအကြီးဆုံး ဖြေရှင်းဖို့ လိုနေတဲ့ ပြဿနာ ကတော့ နေရပ်ကို စွန့်ခွာ ပြေးနေရတဲ့ ဒုက္ခသည် စုစုပေါင်း ရဲ့တဝက် လောက် ဝန်းကျင် ရှိမယ့် လူ ခြောက်သောင်းလောက် အတွက် မေလ မိုးမကျခင် ယာယီ အမိုး အကာတွေ ကို ဆောက်လုပ်ပေးဖို့ ကိစ္စဖြစ်ပါတယ်။ UNHCR အနေ နဲ့ မြေပုံနဲ့ ပေါက်တော ဒေသတွေမှာ အဲဒီ အမိုး အကာတွေကို တည်ဆောက်ပေးဖို့ သဘောတူ ထားပါတယ်။ မိုးမကျခင် အမိုး အကာ အလိုအပ်ဆုံး လူအရေ အတွက်ဟာ နှစ်သောင်း လေးထောင်လောက် ရှိနေပါတယ်။

မေး ၂။ ဒီလိုလူတွေ အများကြီးကို နေရာ ချထားဖို့ အတွက် ကရော အစိုးရနဲ့ ဘယ်လို သဘော တူညီချက်တွေ ရထားပါလဲ။ ဖြေ ၂။ ယာယီ အမိုး အကာတွေ တည်ဆောက် ပေးဖို့ အတွက် သင့်တော်တဲ့ နေရာကို မကြာသေးခင် ကဘဲ အစိုးရနဲ့ သဘောတူ သတ်မှတ် နိုင်ခဲ့ ပါတယ်။ လက်ရှိ မှာ လူအတော် များများ ယာယီ ခိုလှုံ နေကြတဲ့ မြေနိမ့်တဲ့ အပိုင်းက နေသူတို့ကို ရွှေ့ပြောင်း ပေးနိုင် တော့မှာပါ။ မြေနေရာ သတ်မှတ် နိုင်ဖို့ အတွက် လပေါင်း များစွာ အခက် အခဲတွေ ဖြစ်ခဲ့ပြီး အခု နောက်ဆုံး မှာတော့ မြေပုံနဲ့ ပေါက်တော ဒေသ တွေမှာ အစိုးရနဲ့ သဘောတူ နိုင်ခဲ့ ပါပြီ။ စစ်တွေနဲ့ အနီး တဝိုက်က မြေနိမ့် ပိုင်း လယ်ကွင်းတွေ ထဲမှာ ရှိနေကြတဲ့ နေရပ် စွန့်ပြေး လာသူတွေ အတွက် တော့ အစိုးရက အမိုး အကာတွေကို တာဝန်ယူ တည်ဆောက် ပေးမှာ ဖြစ်ပါတယ်။ ရေနဲ့ အတူ မျောပါလာ တတ်တဲ့ ရောဂါပိုးတွေရဲ့ အန္တရာယ် မကျရောက်အောင် ယာယီ အမိုး အကာတွေ ဆောက်ပေးဖို့ လိုနေတာပါ။

မေး ၃။ နေရာ သတ်မှတ် နိုင်တာတော့ဟုတ်ပါပြီ၊ အမိုးအကာတွေ ဆောက်ပေးဖို့ ရန်ပုံငွေ အခြေ အနေကရော ဘယ်လို ရှိပါလဲ။ ဖြေ ၃။ ရန်ပုံငွေ အရေးပေါ် လိုအပ်ချက်တွေလည်း ရှိနေပါတယ်။ လတ်တလော အကူညီ ပေးရေး အတွက် UNHCR အပါ အဝင် ကယ်ဆယ်ရေး အေဂျင်စီတွေ စုပေါင်း ခန့်မှန်းချက် အရ မြေပုံနဲ့ ပေါက်တော မြို့နယ် တွေမှာ ယာယီ အမိုး အကာတွေ တည်ဆောက် ပေးနိုင်ဖို့ အတွက် ရန်ပုံငွေ ဒေါ်လာ ၄.၂ သန်းလောက် အရေးပေါ် လိုအပ်နေပါတယ်။ ဒီအတွက် ကုလသမဂ္ဂ အရေးပေါ် ကယ်ဆယ်ရေး ဗဟို ရန်ပုံ ငွေထဲက နေ အကူညီ ရနိုင်ဖို့ မျှော်လင့်ထား ပါတယ်။ စစ်တွေမြို့ တဝိုက်မှာ အစိုးရက တည်ဆောက် ပေးမယ့် ယာယီ အမိုးအကာတွေ အတွက်လည်း ကျွန်တော် မှတ်မိ သလောက် အမေရိကန် ဒေါ်လာ ငါးသန်း လောက် လိုအပ်ပါတယ်။ ဒီ လိုအပ်ချက်တွေ အတွက် အလှူရှင် တွေက ပါဝင် လှူဒါန်း ကြလိမ့် မယ်လို့ ကျွန်တော်တို့ မျှော်လင့် နေပါတယ်။

မေး ၄။ အခု လောလောဆယ် နေရပ် စွန့်ပြေး ရသူတွေရဲ့ လုံခြုံရေး အခြေအနေ ကရော ဘယ်လို ရှိပါလဲ။ ဖြေ ၄။ အစိုးရ အနေနဲ့ လုံခြုံရေး အခြေအနေတွေ တိုးတက် ကောင်းမွန် လာအောင် အရေးယူ ဆောင်ရွက် နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ နေရပ် စွန့်ပြေး ရသူတွေရဲ့လုံခြုံရေး အတွက်ရော၊ ကုလသမဂ္ဂနဲ့ တခြား အစိုးရ မဟုတ်တဲ့ အန်ဂျီအို ဝန်ထမ်းတွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ စိတ်ချ လက်ချ ဆောင်ရွက် နိုင်အောင် အတွက်ပါ လုံခြုံရေး ကတော့ တောက်လျှောက် ဆောင်ရွက် နေရတဲ့ကိစ္စပါ။ မိုးမကျခင် အမိုး အကာတွေ ဆောက်လုပ် နိုင်ဖို့ အတွက် အဲဒီ နေရာတွေကို သွားရောက် နိုင်ဖို့ လိုအပ်ပါတယ်။

မေး ၅။ ရခိုင်ပြည်နယ် အရေးကို ရေရှည်မှာ ပြေလည်မှု ရအောင်ရော ဘယ်လို ဆောင်ရွက်ကြဖို့ စီစဉ်ထား ပါလဲ။ ဖြေ ၅။ ဒီအတွက်တော့ အစိုးရနဲ့ ပူးပေါင်းပြီး အဖြေရှာ ကြရမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ကျွန်တော်တို့ဟာ လတ်တလော လူသားချင်း စာနာတဲ့ လိုအပ်ချက် တွေကို ဖြည့်ဆည်း နိုင်ဖို့ အဓိက အာရုံ စိုက်ပြီး ဆောင်ရွက်နေ ကြပါတယ်။ တချိန်တည်း မှာဘဲ လူမျိုးစု အချင်းချင်း ပြန်လည် သင့်မြတ်ဖို့၊ တင်းမာ မှုတွေကို ဖြေလျှော့ဖို့၊ လူတွေ လွတ်လွတ် လပ်လပ် သွားလာခွင့် မရဘဲ ကန့်သတ် ခံထား ရတဲ့ ကိစ္စတွေကို ဖြေရှင်းဖို့၊ ရခိုင် ပြည်နယ် ရဲ့ ရေရှည် ဖွံဖြိုးရေး အတွက် ဆောင်ရွက်ဖို့ စတဲ့ ကျွန်တော်တို့ အခေါ် ပြဿနာရဲ့ အဓိက အကြောင်းရင်းတွေ ကို ဖြေရှင်း နိုင်အောင် အစိုးရနဲ့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ လူတွေ အနေနဲ့ လှေစီးပြီး ထွက်ပြေး ရတဲ့ အခြေ အနေ မျိုးတွေ ဆက်မဖြစ်တော့ဘဲ ရခိုင် ပြည်နယ်မှာ ရှိကြ သူတွေ အားလုံး ပုံမှန် ဘဝ အခြေ အနေကို ရောက်ရှိအောင် အစိုးရ အနေနဲ့ အစီအစဉ် တခု ချမှတ် ဖို့တော့ လိုအပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ