မြောက်ပိုင်းအိုင်ယာလန်ကိစ္စ မြန်မာ သင်ခန်းစာယူနိုင်

Min Zaw Oo UK Peace Trip
Image caption MPC ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦး

မြောက်ပိုင်း အိုင်ယာလန်နဲ့ ဗြိတိန်ဗဟို အစိုးရတို့ကြား ကာလရှည်ကြာ ဖြေရှင်းခဲ့ရတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ မြန်မာပြည် အတွက် သင်ခန်းစာ ယူစရာတွေ အများကြီး ရှိတယ်လို့ မြန်မာ ငြိမ်းချမ်းရေး စင်တာက အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

ဦးအောင်မင်းအပါအဝင် မြန်မာအစိုးရဝန်ကြီးတွေ ဦးဆောင်တဲ့ တစ်ပတ် နီးပါးကြာ ယူကေ ခရီးစဉ်အတွင်း မြောက်ပိုင်း အိုင်ယာလန် ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုလည်း အဓိကတစ်ခုအဖြစ် လေ့လာ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာကိုယ်စားလှယ် အဖွဲ့မှာ ပါတဲ့ ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

ပဋိပက္ခ ဖြေရှင်းရေးမှာ စားပွဲဝိုင်းမှာ ဆွေးနွေး အဖြေရှာဖို့ လိုတယ်၊ ပြဿနာရဲ့ နောက်ဆုံးပိတ် အဖြေ မရှာနိုင်ရင်တောင် ရေရှည် လုပ်ငန်းစဉ်အဖြစ် သွားနိုင်မယ့် အခြေခံတွေကိုတော့ တည်ဆောက်ဖို့ လိုတယ်ဆိုတာ တွေ့ရကြောင်း သူက ပြောပါတယ်။

မြောက်ပိုင်း အိုင်ယာလန်နဲ့ ဗြိတိန် ဗဟိုအစိုးရတို့ကြား ပဋိပက္ခဟာ လွန်ခဲ့တဲ့ ရာစုနှစ်တွေ ကတည်းက စတင်ခဲ့ပြီး ဘာသာမတူ၊ နိုင်ငံရေးအမြင် ကွဲပြားမှုတွေကို အခြေခံပြီး ဖြစ်ခဲ့တာပါ။ ပဋိပက္ခအတွင်း လူပေါင်း ထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ အနှစ် နှစ်ဆယ် နီးပါးကမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စတင်နိုင်တာ ဖြစ်ပါတယ်။

မြောက်ပိုင်း အိုင်ယာလန်လို မြန်မာ နိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေး သဘောတူညီမှုတွေ လုပ်တဲ့အခါ အာဏာခွဲဝေမှုတွေလည်း ပါလာမယ်လို့ ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

''ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း လက်ရှိ ဗဟို အစိုးရကနေပြီးတော့ အာဏာအများဆုံး ယူထားတဲ့ အနေအထားမှာ တိုင်းရင်းသားတွေက မကျေနပ်ဘူး၊ ဒါကြောင့် ပဋိပက္ခတွေဖြစ်တယ်။ အစိုးရနဲ့ တိုင်းရင်းသားတွေကြားမှာ အာဏာခွဲဝေမှု ဘယ်လို လုပ်မလဲ ဆိုတာကတော့ ဆွေးနွေးပွဲတွေကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ နှစ်ဘက်စလုံးရဲ့ သဘောတူညီချက်တွေ အပေါ်မှာ အခြေခံပါလိမ့်မယ်။'' လို့ မြန်မာ ငြိမ်းချမ်းရေး စင်တာက ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

ဆွေးနွေးပွဲတွေမှာ နိုင်ငံရေးအာဏာအပြင်၊ ပြည်နယ်တွေဆီက သယံဇာတ ရင်းမြစ်ခွဲဝေမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာတွေ ထိန်းသိမ်းခွင့်တွေလည်း ပါလာဖို့ လိုတယ်လို့ သူက ထောက်ပြပါတယ်။

ဒါပေမယ့် ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြီးဆုံးအောင် အကောင်အထည်ဖော်ဖို့က ချက်ချင်း ဖြစ်လာဖို့ မမျှော်လင့်နိုင်သေးပေမယ့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် အခု အစိုးရလက်ထက်မှာတော့ လုပ်ငန်းစဉ်အတွက် အခြေခံ မျိုးစေ့ ချနိုင်မယ်လို့ မျှော်လင့်နိုင်ကြောင်း ဒေါက်တာ မင်းဇော်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ